September 19, 2024

၁၈.၉.၂၀၂၄
Written By Thandar

တောင်ငူမြို့ ရေဘေးသင့်ပြည်သူတွေကိုကယ်ဆယ်ရင်း အသက်ဆုံးရှုံးခဲ့ရတဲ့ အသက်(၂၆)နှစ်အရွယ် စောနော်ဂျာရဲ့ မိခင်ဖြစ်သူကို ခိုင်နှင်းဝေက ကိုယ်တိုင်သွားရောက်တွေ့ဆုံနှစ်သိမ့်ရင်းနဲ့ ကျပ် သိန်း ၁၀၀ ကို စက်တင်ဘာ ၁၇ ရက်နေ့က လှူဒါန်းခဲ့ပါတယ်။

“ကြီးကြီးသားလေးအတွက် တကယ့်ကို စိတ်မကောင်းဖြစ်မိပါတယ်။ ကိုယ့်မြန်မာပြည်မှာရှိတဲ့ ဒုက္ခရောက်နေသူကို ကူညီရင်း အသက်စတေးလိုက်ရတဲ့ ကြီးကြီးလို မိခင်တစ်ယောက် ခံစားချက်ကို၊ မိခင်စိတ်ကိုလည်း နားလည်ပါတယ်။ ကလေးကိုယ်စား ဝမ်းနည်းတယ်။ ဂုဏ်ယူတယ်ဆိုပေမယ့် ကြီးကြီးအနေနဲ့ ကျန်းမာရေးအတွက် ကလေးကို ဂုဏ်ပြုတဲ့အနေနဲ့ သိန်း ၁၀၀ ကန်တော့ချင်ပါတယ်။ ကြီးကြီးတို့ ကျန်းမာရေး ဂရုစိုက်ဖို့လည်း မှာချင်ပါတယ်။ ရေဘေးကယ်ဆယ်ရင်း အသက်စတေးလိုက်ရတဲ့ ကြီးကြီးသားလေးအတွက် တကယ်ကို စိတ်မကောင်းဖြစ်မိသလို ကလေးကို ဂုဏ်ယူပြီး လေးစားမိတယ်” လို့ သရုပ်ဆောင် ခိုင်နှင်းဝေက ပြောပါတယ်။

စောနော်ဂျာကတော့ တောင်ငူမြို့ရဲ့ ရှင်ပေါလုအသင်းတော်က ပရဟိတလူငယ်တစ်ဦးလည်းဖြစ်ပြီး စက်တင်ဘာ ၁၅ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်က ရေဘေးကယ်ဆယ်ရေးပြုလုပ်ရင်း ရေစီးနဲ့ မျောပါသွားပြီး ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။

စောနော်ဂျာ (ခ) ဂျားဂျာ အသက် (၂၆) နှစ်က ဦးစောမာဂေနဲ့ နော်ဂေတို့ရဲ့ သားလည်းဖြစ်ပြီးတော့ စက်တင်ဘာ ၁၇ ရက် နံနက် ၁၀ နာရီက တောင်ငူမြို့ရဲ့ ဗတ္တိဇံဆရာ ရှင်ယောဟန်နဲ့ ဗောဓိသာရ သင်္ချိုင်းမှာ သင်္ဂြိုဟ်ခဲ့တာလည်းဖြစ်ပါတယ်။ အဆိုတော် ဖြိုးကျော်ထိုက်တို့ရဲ့ နှလုံးလှလူငယ် လူမှုကူညီရေးအသင်းကလည်း ကွယ်လွန်သွားတဲ့ စောနော်ဂျာအတွက် အလှူငွေတချို့ လှူဒါန်းခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *