September 19, 2024

၁၇.၉.၂၀၂၄
Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၊ ကြာကန်ကျေးရွာ(တောင်ကွင်း)ရှိ လယ်တဲတွင် မွေးစားမိဘ၂ဦးကို ဓားဖြင့်ထိုးကာ သတ်ဖြတ်ခဲ့သော မွေးစားသားအား စက်တင်ဘာလ ၁၅ ရက်နေ့က ဖမ်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

အဆိုပါဖြစ်စဥ်မှာ စက်တင်ဘာလ ၁၁ ရက် ညပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မွေးစားသားဖြစ်သူ အသက် ၃၇ နှစ်အရွယ် ဦးနေမင်း(ခ)ငါးပနော်(ခ)ဒတ်ချေးနားက နေစရာပေးရန် တောင်းရာ မွေးစားအဖေက မပေးသဖြင့် မကျေမနပ်ဖြစ်ကာ မွေးစားဖခင် ဦးမောင်မဲ(ခ)မူးမရမ်းသီးနှင့် မွေးစားမိခင် ​ဒေါ်မိုးမိုး(ခ)မယ်ဒီတို့ကို ဝါးရိုးတပ်ဓားမနှင့် ခဲတံချွန်ခေါက်ဓားဖြင့် ထိုးခုတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

“မွေးစားသားက ခဏခဏ စိတ်ဆင်းရဲအောင်လုပ်လို့ မွေးစားမိဘတွေက အိမ်ပေါ်ကနေ နှင်ချထားတာ။ သူကတခြားရွာမှာ စာရင်းငှားလုပ်ရင်း တတိယအိမ်ထောင်နဲ့ ၅ လသားကလေးရှိတယ်။ နေစရာမရှိလို့ မွေးစားအဖေရဲ့ လယ်တဲနားမှာ နေစရာတောင်းတာ။ မပေးလို့ အငြိုးထားပြီး သတ်သွားတာ”ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

ဓားမဖြင့်အခုတ်ခံရသည့် မွေးစားဖခင် ဦးမောင်မဲ၏ ဦးခေါင်းနှင့်လည်ပင်းတွင် ဓားခုတ်ခံရသောပြတ်ရှဒဏ်ရာများဖြင့်လည်းကောင်း၊ မွေးစားမိခင်ဒေါ်မိုးမိုး၏ လည်ပင်းတွင် ပြတ်ရှဒဏ်ရာများဖြင့်သေဆုံးခဲ့သဖြင့် ကျုးလွန်သူ မွေးစားသား အသက် ၃၇နှစ်အရွယ် ဦးနေမင်း(ခ)ငါးပနော်(ခ)ဒတ်ချေးနားကို ကမာကလုတ်နယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၂ဖြင့် အမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *