September 19, 2024

နောက်ဆုံးစာရင်းများအရ လူ ၂၂၆ ဦးသေဆုံးခဲ့ပြီး ပျောက်ဆုံးသူ ၇၇ ဦး၊ ရေစီးဖြင့်မျောပါသူ ၁၃ ဦး၊ ဒဏ်ရာရရှိသူ ၄၇ ဦးရှိသည့်အပြင် လူနေအိမ် ၁၉၁၅ လုံး အလုံးစုံပျက်စီး

◾️ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်အကြာဆုံး ၆ လအတွင်း ပြီးစီးအောင် ဆောင်ရွက်ရန် မှာကြား

၁၇. ၉. ၂၀၂၄
Written by Nyein Kyaw

လက်ရှိသဘာဝဘေးအန္တရာယ်ဖြစ်ပွားခဲ့သည့် ဒေသများသည် လွန်ခဲ့သောနှစ်ပေါင်း ၅၀ အတွင်း ယခုကဲ့သို့ ဆိုးဝါးသည့်အခြေအနေ မဖြစ်ပေါ်ခဲ့ဖူးကြောင်းနှင့် ညအချိန် မိုးရွာသွန်းမှုများပြားပြီး ရုတ်တရက်တောင်ကျရေများ အလုံးအရင်းအဖြင့် စီးဆင်းခဲ့သဖြင့် ထိခိုက်မှုများပြားခဲ့ရခြင်းဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ ပြုလုပ်သည့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာအစည်းအဝေးတွင် ပြောကြားသည်။

နောက်ဆုံးကောက်ယူရရှိထားသည့် စာရင်းအရ  သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုအနေဖြင့် နေပြည်တော်ကောင်စီနယ်မြေ၊ ကယားပြည်နယ်၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းတို့တွင် ၂၂၆ ဦးသေဆုံးခဲ့ပြီး ပျောက်ဆုံးသူ ၇၇ ဦး၊ ရေစီးဖြင့်မျောပါသူ ၁၃ ဦး၊ ဒဏ်ရာရရှိသူ ၄၇ ဦးရှိကြောင်း၊ ထို့ပြင် လူနေအိမ်ပျက်စီးမှုအနေဖြင့် ၁၉၁၅ လုံး လုံးဝပျက်စီးခဲ့ပြီး ၂၀၁ လုံးမှာ တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့ကာ ရေဝင်နစ်မြုပ်မှုမှာ ၁၅၈,၃၄၃ လုံးရှိကြောင်း၊ ယာယီဒုက္ခသည်စခန်းများတွင် ၁၆၃,၅၇၃ ဦး ရောက်ရှိလျက်ရှိပြီး ဆွေမျိုးများအိမ်တွင် သွားရောက်နေထိုင်သူ ၂၃၄,၅၃၅ ဦးအထိရှိကြောင်း၊ သက်ဆိုင်ရာကျေးရွာများအလိုက် ပြန်လည်နေထိုင်နိုင်ရေး ဆောင်ရွက်ပေးရန်လိုကြောင်း၊ အဆိုပါရေဘေးသင့် ပြည်သူများအတွက် မိမိတို့အနေဖြင့် ထိုက်သင့်သည့် ထောက်ပံ့မှုများကိုလည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက‌ ပြောကြားသည်။

ကူညီကယ်ဆယ်ရေးစခန်းများရှိ ပြည်သူများအား ၎င်းတို့၏နေရပ်များတွင် အတတ်နိုင်ဆုံးအမြန်ဆုံး ပြန်လည်နေထိုင်နိုင်ရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ ကူညီကယ်ဆယ်ရေးနှင့် ပတ်သက်၍ ပျက်စီးမှုအနည်း၊ အများအလိုက် ဦးစားပေးအဆင့်သတ်မှတ်ပြီး အမြန်ဆုံးပြီးစီးစေရန်နှင့် အချိန်အကြာဆုံး ၆ လတာကာလအတွင်းပြီးစီးရေး ဆောင်ရွက်သွားရန်လိုကြောင်း SAC ဥက္ကဋ္ဌက‌ ပြောကြားသည်။

သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ ခန့်မှန်းချက်၊ သတိပေးချက်များကို ထုတ်လွှင့်ရာတွင် ပညာရပ်ဆိုင်ရာအသုံးအနှုန်းထက် သာမန်ပြည်သူလူထု သတိပြုနားလည်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ ထုတ်ပြန်မှုများ ဆောင်ရွက်ရာတွင်လည်း ပြည်သူများ လွယ်ကူရှင်းလင်းစွာဖြင့် နားလည်သိရှိလိုက်နာနိုင်အောင် ထုတ်ပြန်ဆောင်ရွက်ရန်လိုကြောင်း၊ ထိုသို့ ထုတ်ပြန်ဆောင်ရွက်မှသာလျင် ပြည်သူများအနေဖြင့် ရှင်းလင်းစွာသိရှိပြီး အလေးထားလိုက်နာနိုင်မည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက‌ ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *