September 19, 2024

၁၇.၉.၂၀၂၄
Written By Thandar

ပရိသတ်တွေ အမောပြေစေမယ့် ဟာသဇာတ်လမ်းပုံစံ “သူချစ်ခင်” ရုပ်ရှင်ဇာတ်ကားကြီးကို ရုံတင်ပြသရာမှာ ရရှိလာတဲ့ ငွေကြေးတချို့ကို ရေဘေးသင့်ပြည်သူတွေထံပြန်လည်လှူဒါန်းသွားမယ်လို့ဆိုပါတယ်။

အဆိုပါ ရုပ်ရှင်ဇာတ်ကားကြီး Media Show ကို ယနေ့ စက်တင်ဘာ ၁၇ ရက် ညနေပိုင်းက ရန်ကုန်မြို့ သမ္မတအဆင့်မြင့်ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။

“ဘုံကို ဆိုရင် အလောင်ကားတွေပဲ ရိုက်တဲ့ဒါရိုက်တာလို့မြင်နေကြတယ်။ ဒါကြောင့် ဘုံတို့ အိမ်ထောင်ဇာတ်လမ်းတွဲက ပရိသတ်အားပေးမှုရရှိခဲ့တဲ့ သူချစ်ခင်ရဲ့ ဇာတ်ကောင်ကို ပြန်လည်ဆန်းသစ်ပြီး ရိုက်ကူးထားကြတာပါ။ အိမ်ထောင်ထုတ်လွှင့်ချိန်က ပရိသတ်တွေကြည့်ပြီး ပူလောင်ခဲ့ရတယ်။ စိတ်မွန်းကြပ်ပင်ပန်းခဲ့ကြရတယ်။ ဒါတွေကို ဘုံအနေနဲ့ စိတ်အမောပြေစေဖို့ ဖန်တီးလိုက်တာပါ။ ဘုံတို့ ရေဘေးကြုံတွေချိန်မှာ တိုက်ဆိုင်စွာနဲ့ ရုံတင်ရက်သတ်မှတ်ချိန်နဲ့ တိုက်သွားတာပါ။ ဘုံတို့ ဇာတ်ကား ရုံမတင်ခင်မှာလည်း ရေဘေးသင့်ပြည်သူတွေအတွက် သိန်း ၁၀၀ နဲ့ အစားအစာအဝတ်အထည်တွေကို မခိုင်နှင်းဝေဆီက တစ်ဆင့်လည်းလှူဒါန်းထားပါတယ်။ ဒါပြင် ဒီရုပ်ရှင်ကားကြီး ရုံတင်ပြချိန်မှာလည်း ရရှိလာတဲ့ အကျိုးအမြတ်တချို့ကို ရေဘေးသင့်ပြည်သူတွေထံ ထပ်မံလှူဒါန်းသွားမှာပါ ” လို့ ဒါရိုက်တာမယ်မင်းဘုံကပြောပါတယ်။

အဆိုပါ အခမ်းအနားကိုတော့ ဒါရိုက်တာ မယ်မင်းဘုံ ၊သရုပ်ဆောင်တွေဖြစ်တဲ့ ကျော်ထက်အောင်၊ ညီထွဋ်ခေါင်၊ ချောရတနာ၊ ရတနာဗို၊ ထက်ထက်ထွန်း၊ သင်းသဲဗို၊ မျိုးမျိုးခိုင် စတဲ့ အနုပညာရှင်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။

အောင်သီရိထုတ်လုပ်ရေးက ဒီရုပ်ရှင်ကားကြီးကိုတော့ ဇာတ်လမ်း လူညိုချောနဲ့ မယ်မင်းဘုံ ဇာတ်ညွှန်းပိုင်းနဲ့ ဒါရိုက်တာအနေနဲ့ မယ်မင်းဘုံတို့က စီစဥ်ရိုက်ကူးပြီး သရုပ်ဆောင်တွေဖြစ်တဲ့ ကျော်ထက်အောင်၊ ညီထွဋ်ခေါင်၊ ဗညားဘုန်းပြည့်၊ ချောရတနာ၊ ရတနာဗို၊ ထက်ထက်ထွန်း၊ မေတိုးခိုင်၊ သင်းသဲဗို ၊မျိုးမျိုးခိုင် စတဲ့အနုပညာရှင်တွေ ပါဝင်ထားကြပါတယ်။

“သူချစ်ခင်” ရုပ်ရှင်ဇာတ်ကားကိုတော့ လာမယ့် စက်တင်ဘာလ(၂၃)ရက်နေ့က စတင်ပြီး တစ်ပြည်လုံးရှိ အဆင်မြင့် ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *