September 19, 2024

ကူမဲမြို့သို့သွားရောက်သည့် ရဟန်းတစ်ပါးကိုလည်း PDF တို့က ယနေ့သတ်ဖြတ်ပြီး ဖုန်းနှင့်ငွေများ လုယက်

၁၇.၉. ၂၀၂၄
Written by Nay Moe

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံကျေးရွာရှိ တောင်သူအမျိုးသမီးများ တောင်ယာလုပ်ငန်းလုပ်ကိုင်ရန် သွားရောက်စဉ် PDF များက လက်နက်ကြီး/လက်နက်ငယ်များဖြင့် အကြောင်းမဲ့ဝိုင်းဝန်းပစ်ခတ်ခဲ့သဖြင့် ဒေသခံပြည်သူအမျိုးသမီး ၁၂ ဦးသေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံကျေးရွာအတွင်း၌ အေးချမ်းစွာ နေထိုင်လုပ်ကိုင်စားသောက်လျက်ရှိသည့် ဒေသခံပြည်သူများသည် တောင်ယာလုပ်ငန်းများ ဆောင်ရွက်ရန် ယနေ့နံနက်ပိုင်းတွင် မော်တော်ယာဉ်ဖြင့် သွားရောက်စဉ် ကျေးရွာ၏ အရှေ့မြောက်ဘက်မီတာ ၁၃၀၀ ခန့်အကွာသို့ အရောက်၌  PDF များက ၎င်းတို့အား ထောက်ခံအားပေးမှုမရှိသည့်အတွက် ရက်စက်ယုတ်မာစွာဖြင့် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့ရာ ဒေသခံပြည်သူ အမျိုးသမီး ၁၂ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဒဏ်ရာရရှိခဲ့သူများအား လိုအပ်သည်များ ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ကိုင်းမြို့ရှိ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး အဆိုပါအကြမ်းဖက်သမားများအား ထပ်ကြပ်လိုက်လံချေမှုန်းနိုင်ရေးအတွက် လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

NUG ၏ PDF များက ကြွယ်ပုံရွာအား ပြည်သူ့စစ်များရှိသည့် ပျူစောထီးရွာဟုသတ်မှတ်ထားရာ ၂၀၂၃ ခုနှစ်၊ ဧပြီလကလည်း PDF များက အဆိုပါကြွယ်ပုံကျေးရွာအား Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့မှုကြောင့် အေးချမ်းစွာ နေထိုင်နေကြသော အပြစ်မဲ့ပြည်သူကလေးငယ် ၅ ဦးအပါအဝင် ၈ ဦး သေဆုံးပြီး ၃၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။

အလားတူ စက်တင်ဘာ ၁၆ ရက် နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ ခရုတုတ်ကျေးရွာမှ သံဃာတော်တစ်ပါးသည် ကူမဲမြို့သို့ သွားရောက်စဉ် PDF များက လက်နက်ငယ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဆိုင်ကယ်တစ်စီး၊ ဖုန်းနှင့်ငွေများအား လုယက်ယူဆောင်သွားခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ်ခဲ့မှုကြောင့် ဆရာတော်ဘဒ္ဒန္တကောဝိဒသည် ရရှိဒဏ်ရာများဖြင့် ပျံလွန်တော်မူခဲ့ပြီး ဆိုင်ကယ်ဖြင့် လိုက်ပါပို့ဆောင်သူ အမျိုးသားတစ်ဦးတွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိခဲ့သည်။ ထို့အတူ မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်၊ မှန်ကင်းကျေးရွာ၌ အမျိုးသမီး ၁ ဦးသည် နေအိမ်၌ ရှိနေစဉ် PDF များက လက်နက်ငယ်များဖြင့် အကြောင်းမဲ့လာရောက်ပစ်ခတ်သတ်ဖြတ်ခဲ့မှုကြောင့် သေဆုံးခဲ့ရကြောင်း သိရှိရသည်။

PDF အမည်ခံအကြမ်းဖက်သမားများအနေဖြင့် သံဃာတော်အပါအဝင် ရိုးသားစွာလုပ်ကိုင်စားသောက်လျက်ရှိသည့် ဒေသခံပြည်သူများအား ယခုကဲ့သို့ ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းသည် စစ်ရာဇဝတ်မှု (War Crime) ကျူးလွန်ခြင်းဖြစ်ပြီး အဆိုပါ အကြမ်းဖက်လုပ်ရပ်များပေါ် ပြည်သူလူထုတစ်ရပ်လုံးက လက်ခံနိုင်ခြင်းမရှိသည့်အတွက် တပ်မတော်၏ အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်မှု (Counter-Terrorism Operation) ဆောင်ရွက်ရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိကြောင်းလည်း ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *