September 19, 2024

ဖြိုးဝေ
၁၇. ၉. ၂၀၂၄

TNLA အပစ်အခတ်ရပ်ဖို့ တရုတ်နိုင်ငံက သတိပေးစာထွက်လာခဲ့တယ်ဆိုအပြီးမှာ TNLA က အရေးပေါ်အစည်းအဝေးလုပ်ပေမဲ့ ဘာတစ်ခုမှ ထုတ်ပြန်မလာတော့ဘဲ သူ့အစား NUCC က တရုတ်ကို ရှုတ်ချ၊ တော်လှန်ရေးအဖွဲ့အစည်းဆိုတာတွေက ကန့်ကွက်စာထုတ်တဲ့အပြင် ရန်ကုန် PDF လေးဖွဲ့ကလည်း တရုတ်အလံနဲ့ တရုတ်သမ္မတရှီကျင်းဖျင်ကို ခြေနဲ့နင်း မီးရှို့တာတွေ ဖြစ်ပွားအပြီးမှာပဲ တရုတ်သံရုံးက မြန်မာနိုင်ငံမှာ မတည်မငြိမ်ဖြစ်မှု၊ စစ်ပွဲဖြစ်ပွားနေမှုကို ဆန့်ကျင်တယ်လို့ ထုတ်ပြန်လာပြီး တရုတ်-မြန်မာဆက်ဆံရေးကို သွေးခွဲလိုတဲ့၊ တရုတ်နိုင်ငံကို အကြောင်းမဲ့ပြစ်တင်တဲ့ ဘယ်လို ပြောဆို လုပ်ဆောင်မှုကိုမဆို ဆန့်ကျင်တယ်လို့ ထုတ်ပြန်လာတာ တွေ့ရပါတယ်။

အခြားတစ်ဖက်မှာလည်း မြန်မာနိုင်ငံက ရုရှား၊ တရုတ်၊ အိန္ဒိယ စတဲ့ နိုင်ငံကြီးတွေ ဦးဆောင်ဖွဲ့စည်းထားတဲ့ BRICS အဖွဲ့မှာ လေ့လာသူနိုင်ငံအဖြစ် ပါဝင်ဖို့ကြိုးပမ်းနေတယ်ဆိုတဲ့ဖြစ်စဉ်တွေ၊ ဘုရားဖူးတွေ ရဟန်းသံဃာတွေနဲ့ သက်ကြီးရွယ်အိုတွေကို အဓိကထား လိုက်လံသတ်ဖြတ်နေတဲ့ ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF) တပ်ဖွဲ့က သုံးနှစ်အတွင်းမှာ လူ ၁၈၂ ဦးကို သတ်ဖြတ်ထားတယ်လို့ KRF တပ်ဖွဲ့ရဲ့ သုံးနှစ်ပြည့်ထုတ်ပြန်ချက်မှာ ဝန်ခံဖော်ပြထားတဲ့ဖြစ်စဉ်တွေ၊ KNDF က လက်နက်ကိုင် ၁၈ ဦးဟာ ရာဂီမုန်တိုင်းအဖျားခတ်နေတဲ့ မိုးကြီးလေကြီးကာလမှာ စစ်ရေးလေ့ကျင့်ဖို့ လုပ်ဆောင်လို့ တောင်ကျချောင်းရေမှာ မျောပါသေဆုံးရမှုဖြစ်စဉ်တွေကို တွေ့ရပါတယ်။ ဒါ့အပြင်လည်း NUG က ဖမ်းဆီးပြီးမှ ပြန်လွှတ်ပေးလိုက်တဲ့ ငါးနှစ်သမီးကို သက်ငယ်မုဒိမ်းကျင့်သူ တွံတေး NLD ပါတီ အတွင်းရေးမှူး အောင်မင်းကို ထိရောက်စွာအရေးယူပေးဖို့ နယ်ပယ်အသီးသီးက လူ ၁၆၇၉ ဦးက အိတ်ဖွင့်ပေးစာ ပေးပို့တဲ့ဖြစ်စဉ်တွေနဲ့ အောင်မင်းကို တတိယနိုင်ငံထွက်မရအောင် ပိတ်ထားတယ်ဆိုတာတွေ၊ AA နဲ့ တိုက်ခိုက်နေမယ့်အစား ကောင်းမွန်တဲ့ဆက်ဆံရေးတည်ဆောက်ဖို မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်ရဲ့ ကမ်းလှမ်းမှုကို CNF ငြင်းဆန်လိုက်တယ်ဆိုတဲ့ ဖြစ်စဉ်တွေ ရှိခဲ့ပေမဲ့ ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်အဖြစ်တော့ ရခိုင်လက်နက်ကိုင် AA တပ်ဖွဲ့ဝင်တွေ ပြည်သူ့ပစ္စည်းဆက်မခိုးဖို့ သတိပေးခံရတဲ့ အကြောင်း၊ မြန်မာနိုင်ငံဟာ Failed State စာရင်းမှာ အဆင့် ၁၁ ရောက်လာတဲ့အကြောင်းနဲ့ ရာဂီကြောင့်ဖြစ်ရတဲ့ မြန်မာ့ရေဘေးမှာ နိုင်ငံတစ်ဝန်းလုံးပစ်ခတ်သတ်ဖြတ်နေမှုဖြစ်စဉ်တွေ ကင်းဝေးသွားဖို့အတွက် ငြိမ်းချမ်းရေး လမ်းစတစ်ခု မြင်ရတယ်လို့ ယူဆရတဲ့အခြေအနေတွေအပေါ် သုံးသပ်ချင်ပါတယ်။

◾ ပြည်သူ့ပစ္စည်းဆက်မခိုးဖို့ သတိပေးခံရတဲ့ AA

တရုတ်ကိုးကန့် MNDAA ၊ တအာန်းလက်နက်ကိုင် TNLA နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တွေနဲ့ အပေါင်းအပါ လက်နက်ကိုင်တွေ စတင်ခဲ့တဲ့ မြို့သိမ်းတိုက်ပွဲတွေသာမက အခြားသော PDF တွေ ချင်း၊ ကရင်၊ ကယားလက်နက်ကိုင်တွေရဲ့ မြို့သိမ်းတိုက်ပွဲတွေမှာလည်း စစ်ဘေးဒဏ်ခံပြည်သူတွေ တစ်ပြေးညီကြုံကြရတာက “ပြည်သူ့အတွက် တိုက်ပွဲဝင်တယ်၊ မြို့သိမ်းတယ်ဆိုတဲ့ လက်နက်ကိုင်တွေဟာ စစ်ပြေးကြတဲ့ပြည်သူ့အိမ်ထဲဝင်ပြီး ဖောက်ထွင်းခိုးဝှက်ယူရုံသာမက အိမ်ခြံထဲမြှုပ်ထားတဲ့ ရွှေတွေကိုပါ ရွှေရှာစက်နဲ့ တူးဖော်ခိုးဝှက်ယူကြတဲ့ ဖြစ်စဉ်တွေ ကြုံရတာပါ။”မူလအစ ကနဦး တိုက်ပွဲဖြစ်ချိန်မှာတော့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို အပုပ်ချ လက်ညှိုးထိုးပြီး ဖြစ်သမျှ အကုန်လွှဲချလို့ရခဲ့ပေမဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ မရှိချိန်မှာဖြစ်တဲ့ လုယက် သတ်ဖြတ် ခိုးဝှက်မှုတွေကိုတော့ မြို့သိမ်းတဲ့လက်နက်ကိုင်တွေကိုယ်တိုင် သူတို့ကျုးလွန်တာလို့ ဝန်ခံခဲ့ရသလို MNDAA ဆိုရင် သူ့တပ်ဖွဲ့ဝင်သူတောင် လူပုံအလယ်မှာ တရားစီရင်သတ်ဖြတ်ပြတာမျိုးပါ လုပ်ခဲ့တာပါ။

အခုလည်း ရခိုင်လက်နက်ကိုင် AA အဖွဲ့ဟာ ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ သံတွဲမြို့အပြင် ပလက်ဝဒေသကို သိမ်းပိုက်ရရှိထားပြီး ဒီလိုမြို့သိမ်းတိုက်ပွဲတွေမှာ AA လက်နက်ကိုင်အဖွဲ့ဝင်တွေဟာ ပြည်သူ့ စည်းစိမ်ဥစ္စာ၊ ရွှေ၊ ငွေ၊ လက်ဝတ်ရတနာခိုးဝှက်ခဲ့ကြတာကြောင့် ဒီလိုခိုးထားတဲ့ AA လက်နက်ကိုင်တွေကို အရေးယူထားပြီး ထပ်မခိုးဖိုလည်း သတိပေးထားတယ်လို AA ရဲ့ ဝန်ခံချက် ထုတ်ပြန်မှုမှာ ဖော်ပြထားတာ တွေ့ရပါတယ်။

AA ဟာ ဆယ်လအတွင်း ၁၁ မြို့သိမ်းထားသလို မောင်တောမြို့အပါအဝင် တောင်ကုတ်၊ ကျိန္တလီ၊ ဂွ၊ အမ်း၊ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မြို့အကုန်လုံးကို တစ်မြို့မကျန် အလုံးစုံသိမ်းပိုက်ရေးအတွက် ထိုးစစ် ဆက်လက်ဆင်နွှဲနေပြီး ဒီလို တိုက်ခိုက်မှုကြောင့် ရခိုင်ပြည်သူတွေက ဘေးလွတ်ရာရှောင်ချိန် ပိုင်ဆိုင်တဲ့ ဆိုင်ကယ်၊ ကား၊ မီးခံသေတ္တာ၊ အစရှိတဲ့ လေးလံပြီး ရွှေ့ပြောင်းသယ်ယူဖို အဆင်မပြေတဲ့ ထုထည်ကြီးပစ္စည်းတွေ၊ လုံခြုံရေးအရ မယူဆောင်ဘဲ မိမိအိမ်မှာ ဝှက်ထားချန်ရစ်ခဲ့တဲ့ ရွှေ၊ ငွေ အချို့ဟာ AA လက်နက်ကိုင်တွေ ခိုးကြတာကြောင့် တိုက်ပွဲအတွင်း ပျက်စီးဆုံးရှုံးခဲ့ရတာ၊ ပျောက်ဆုံးခဲ့ရတာရှိပါတယ်။ ဒီလို ဒေသခံပြည်သူ့ ရွှေ၊ ငွေ၊ လက်ဝတ်ရတနာတွေ တိုက်ပွဲအတွင်းနဲ့ တိုက်ပွဲပြီးဆုံးချိန်မှာ ပျောက်ဆုံးမှု ရှိခဲ့တာကို ကာယကံရှင်တွေ တိုင်တန်းသလို AA ထောက်လှမ်းရေးကလည်း စုံစမ်းသိရလို့ ခိုးမှုကျူးလွန်ခဲ့တဲ့ AA လက်နက်ကိုင်တွေကို သေချာစွာ စုံစမ်းစစ်ဆေးပြီး အပြစ်ကျူးလွန်ခဲ့ကြောင်း ထင်ရှားသောသူတွေကို ထိုက်တန်တဲ့အပြစ်ပေး အရေးယူထားသလို မပြီးပြတ်သေးတဲ့ ပျောက်ဆုံးမှုတွေကို ဆက်လက် စစ်ဆေးနေတယ်လို့ AA ကပြောပါတယ်။ ဒါ့အပြင် ပြည်သူစည်းစိမ် ခိုးဝှက်လုယက်တဲ့ AA တပ်ဖွဲ့ဝင်နဲ့ AA အုပ်ချုပ်ရေးဘက်က အကျင့်ပျက် AA ဝန်ထမ်းအချို့က လုပ်ပိုင်ခွင့်၊ အာဏာကို အလွဲသုံးစားလုပ်ပြီး ပြည်သူ့စည်းစိမ်ဥစ္စာတွေကို ခိုးယူသုံးတာ ပြုလုပ်လျက်ရှိတာကြောင့် ခိုးဝှက်တဲ့အကျင့်ပျက်ဝန်ထမ်းတိုင်းကို ထိရောက်စွာ အရေးယူဆောင်ရွက်သွားမယ်လို့လည်း AA က ပြောပါတယ်။

ဒီလိုမျိုး AA က သူ့တပ်ဖွဲ့ဝင်တွေ ခိုးဝှက်တယ်ဆိုတာ ဝန်ခံလာပေမဲ့လည်း ခိုးဝှက်သူ တရားခံလည်း ထုတ်မပြော၊ အရေးယူရတဲ့ အရေအတွက်၊ အရေးယူမှုပုံစံ၊ AA လက်နက်ကိုင်တွေ ခိုးထားတဲ့ ပြည်သူ့ပစ္စည်း ပြန်ပေးမပေးကိုတော့ တစ်စိုးတစ်စိမှ ထုတ်ပြန်တာ မတွေ့ရပြန်ပါဘူး။ ဒါကြောင့် AA လက်နက်ကိုင်တွေဟာ ပြည်သူ့ပစ္စည်းခိုးကြတယ်ဆိုတဲ့ ဝန်ခံချက်သာ ပြည်သူက သိရတာဖြစ်ပြီး ကျန်တာကတော့ တကယ်အရေးယူ မယူ ဘယ်သူမှ မသိနိုင်လို့ ခိုးတာလုတာ အကျင့်ပါ လက်ယဉ်နေပြီဖြစ်တဲ့ AA ရဲ့ မြို့သိမ်းတိုက်ပွဲတွေမှာ ပစ္စည်းဥစ္စာထပ်အခိုးမခံရဖို့ ရခိုင်ပြည်သူတွေ ကြိုတင်ပြင်ဆင်ဖို့လိုနေပြီဖြစ်သလို ကိုယ်ပိုင်စည်းစိမ်ဥစ္စာ AA ခိုးတာ မခံရအောင် ဘယ်လို ထိန်းသိမ်းကာကွယ်ကြမလဲလို့သာ အဖြေကြိုရှာပါလို့ပဲ အကြံပြုပါရစေ။

◾ Failed State မြန်မာ

မြန်မာနိုင်ငံဟာ ၂၀၂၄ ခုနှစ်အတွက် ကမ္ဘာတဝှမ်းက ကျဆုံး Failed State နိုင်ငံတွေစာရင်းမှာ ကမ္ဘာ့အဆင့် ၁၁ နေရာ ရပ်တည်နေတယ်လို့ အမေရိကန်အခြေစိုက် Fund For Peace အဖွဲ့အစည်းရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံက ရမှတ် ၁၀၀ နဲ့ ကမ္ဘာ့အဆင့် ၁၁ နေရာမှာရှိပြီး ဆိုမာလီယာ၊ ဆူဒန်၊ တောင်ဆူဒန်၊ ဆီးရီးယား၊ ကွန်ဂို၊ ယီမင်၊ အာဖဂန်နစ္စတန်၊ ဗဟိုအာဖရိက၊ ဟေတီ၊ ချဒ်နိုင်ငံတို့က ကမ္ဘာ့ထိပ်ဆုံး ၁၀ နိုင်ငံစာရင်းမှာ အဆင့်လိုက် ရပ်တည်နေတာဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံကို Failed State နိုင်ငံအဖြစ် သတ်မှတ်ဖော်ပြရာမှာ အဓိကအနေနဲ့ အစိုးရတွေရဲ့ နိုင်ငံနယ်နိမိတ်ကို ကောင်းစွာ မထိန်းချုပ်နိုင်တာ၊ အုပ်ချုပ်ရေးအာဏာ တစ်နိုင်ငံလုံး ပြည့်ပြည့်ဝဝ မသက်ရောက်တာ၊ လက်နက်ကိုင် အဖွဲ့အစည်းတွေရှိနေပြီး တိုက်ပွဲတွေဖြစ်နေတာ၊ ဒေသခေါင်းဆောင်တွေရဲ့ သြဇာက ပြည်ထောင်စုအာဏာထက် ပိုလွန်နေတာ စတာတွေအပြင် အခြားသော အချက်အလက်တွေအပေါ် အခြေခံတွက်ချက်တာ ဖြစ်တယ်လို သိရပါတယ်။

တကယ့်တကယ်မှာလည်း မြန်မာပြည်ဟာ Failed State ဖြစ်ထိုက်တဲ့ ရလဒ်တွေ ပြည့်နေပြီဆိုတာမြင်ရပါတယ်။ Failed State ဖြစ်ရခြင်းရဲ့ Root Cause ဟာ NLD အစိုးရဟောင်းနဲ့ NLD ပါတီရဲ့ အာဏာသုံး မဲမသမာတွေ စပြီး အငြင်းပွားကတည်းက စတင်တာပါ။ ဒီလို မဲမသမာမှုကနေ စလာတဲ့ နိုင်ငံရေးတင်းမာမှုကြောင့် မြန်မာနိုင်ငံကို Failed State မဖြစ်စေလိုသူတွေ၊ Democracy Backwave မရိုက်စေလိုတဲ့သူတွေက NLD အစိုးရဟောင်းကို မဲမသမာမှုစွပ်စွဲချက် ဖြေရှင်းဖို့ တိုက်တွန်းခဲ့သလို မဖြေရှင်းလို့ Democracy Backwave ရိုက်သွားရင် ဖွံ့ဖြိုးစနိုင်ငံအဖို့ ပိုလို့ ခက်ခဲသွားမယ့်အခြေအနေတွေကို သုံးသပ်ဝေဖန်ခဲ့ကြတာပါ။ ဒါပေမဲ့လည်း NLD အစိုးရဟောင်းနဲ့ NLD လွှတ်တော်ဟာ မဲမသမာမှုစွပ်စွဲချက်တွေကို ဒီနေ့အထိ မဖြေရှင်း မတုံ့ပြန်တဲ့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေကိုပါ မလိုက်နာဘဲ အစိုးရသစ်မဖွဲ့ခင် ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော်ရဲ့ နောက်ဆုံးအကြိမ်ခေါ်ယူပေးဖို့ လက်မှတ်ရေးထိုးတောင်းဆိုမှုကိုပါ လျစ်လျူရှုပြီး တတိယအကြိမ်ပြည်​ထောင်စုလွှတ်တော်ခေါ်ယူဖို့ပါလုပ်ဆောင်ချိန်မှာ မဲမသမာမှုတင်မက ဖွဲ့စည်းပုံအခြေခံဥပဒေပါ မလိုက်နာ ဖောက်ဖျက်တဲ့အဆုံး Democracy Backwave ရိုက်တော့တာပါပဲ။

Democracy Backwave ရိုက်ချိန်မှာလည်း လူငယ်တွေ လမ်းပေါ်ထွက်ဖို့ လက်နက်ကိုင်ဖို့ မြှောက်ပင့်ပေးရာက PDF တွေ ပေါ်ထွက်လာသလို Backwave နဲ့ နိုင်ငံရေးအကျပ်အတည်းကို မကျေနပ်တာကြောင့် နိုင်ငံပိုင်အ​ဆောက်အအုံတွေ၊ ဝန်ထမ်းတွေ၊ ရဟန်းရှင်လူ ပြည်သူတွေကို သတ်ဖြတ် ဖျက်ဆီးတဲ့အပြင် မြို့ ၇၀ ကျော် ၈၀ နီးပါးကို ဖျက်ဆီးသိမ်းပိုက်လိုက်ရာမှာ နိုင်ငံဟာ Failed State စာရင်းထဲ အတိအကျကို ဝင်သွားခဲ့တော့တာပါ။

နိုင်ငံရေးအကျပ်အတည်းကို လက်နက်နဲ့ဖြေရှင်းတိုင်းသာ ပြေလည်မယ်။ စီးပွားရေးအကျပ်အတည်းပါကြုံအောင် ထိုးနှက် ဖျက်ဆီးပြီး နိုင်ငံပိုင်အဆောက်အအုံ သောင်းနဲ့ချီ ဖျက်ဆီးတာတွေနဲ့သာ ပြေလည်မယ်ဆို ထိုင်းနိုင်ငံလို အာဏာအကြိမ် ၂၀ သိမ်းတဲ့နိုင်ငံဟာ ဒီနေ့ကာလမှာ ပြာပုံထဲက တက်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ ထိုင်းပြည်သူတွေဟာ နိုင်ငံရေးအကျပ်အတည်းကို နိုင်ငံရေးနည်းနဲ့ပဲ ဖြေရှင်းရမယ်ဆိုတဲ့ အသိဉာဏ်ရှိတာကြောင့် နိုင်ငံရေးပြဿနာကို လက်နက်နဲ့ဖြေရှင်းပြီး ဖျက်ဆီးတိုက်ခိုက်တဲ့ မြန်မာနိုင်ငံထက် အဆ ရာချီတိုးတက်နေချိန်မှာ အသိဉာဏ်မဲ့ လက်နက်ကိုင်တွေဖျက်ဆီးတဲ့ မြန်မာနိုင်ငံကတော့ Failed State မြောင်းထဲကျသွားခဲ့တာ မျက်မြင်လို့ပဲ ပြောရတော့မှာပါ။

◾ ရေဘေးကပြောလာတဲ့ ငြိမ်းချမ်းရေးလမ်းစ

နွေဦးတော်လှန်ရေးအစ လက်နက်ကိုင်ပြီး ဖျက်ဆီးတိုက်ခိုက်ဖို့ ဇောင်းတွေထကြချိန်မှာ “ရတနာသုံးပါးနဲ့ ခက်ခဲသူတွေကို လှူတန်းရင်၊ ဘုရားသွားကျောင်းတက်ရင်ကို ဒလန်” လို့ သတ်မှတ်ပြီး ဝိုင်းဝန်းရှုတ်ချသတ်ဖြတ်ခဲ့သလို PDF တွေကို ထောက်ပို့လုပ် ငွေလှူမှကို သူတော်ကောင်းပုံစံ ပုံဖျက် ရိုက်သွင်းပြီး ဆင်းရဲတဲ့ မြန်မာလူမျိုးတွေရဲ့ အလှူအတန်းဟာ ကမ္ဘာ့နံပါတ်တစ် အမေရိကန်ထက် သာလွန်နေတဲ့ သဒ္ဒါတရားကိုပါ ရိုက်ချိုးပစ်ခဲ့တာပါ။

အခြားတစ်ဖက်မှာလည်း အပါယ်ငရဲကျတတ်တဲ့အလှူဖြစ်တဲ့ မလှူအပ်သော အလှူဆယ်ပါးထဲက သူတစ်ပါးသတ်ဖြတ်ဖို့ ခဲယမ်းလက်နက်တွေ အလှူခံပြီး ဒီလက်နက်တွေနဲ့ပဲ လူတွေသတ်၊ ဘဝပေါင်းများစွာဖျက်ဆီးကြတဲ့အခါ၊ ဆဲဆိုသတ်ဖြတ်မှု အကုသိုလ်တွေပဲ တစ်နိုင်ငံလုံး ထုံမွှန်းလာတဲ့အခါ ဘေးဆိုးတွေ ဆက်တိုက်ကျလာပြီး အစုလိုက်အပြုံလိုက် သေကျေပျက်စီးမှုတွေပါ ဆက်တိုက်မြင်လာရတော့တာပါ။

အခုလပိုင်းမှာဆိုရင်လည်း ဇူလိုင်လကုန်၊ ဩဂုတ်လဆန်းပိုင်းကမှ နိုင်ငံရဲ့မိုးစပါးစိုက်ဧက ၁ သန်းကျော် ရေဖုံးလွှမ်းပျက်စီးထားတဲ့ အခြေအနေထက်ဆိုးပြီး စက်တင်ဘာဒုတိယအပတ်မှာ ရာဂီမုန်တိုင်းသက်ရောက်ပြီး မြို့နယ်ပေါင်း ၅၆ မြို့နယ်၊ လူ ၆ သိန်းလောက် ဘေးသင့်ရပြီး လူ ၂၀၀ နဲ့ ၃၀၀ ကြား သေကြေပျောက်ဆုံးရတဲ့ သဘာဝဘေးဆိုးထပ်ကြုံရတာပါ။

ဒီတစ်ခါ ဘေးဆိုးမှာတော့ အံ့ဩသင့်စရာကောင်းလောက်အောင်ကို မြန်မာ့စိတ်ရင်းအမှန် ပြန်မြင်ရပြီး နေရာအနှံ့ အလှူအတန်းတွေ ပြန်တွေ့လာရတာပါ။ ဒါပေမဲ့ ကိုယ့်သားသမီးကိုယ်ကြတော့ ကျောင်းဆက်ထား၊ သူတစ်ပါးသားသမီးကြတော့ CDM လုပ်ခိုင်းပြီး ဘဝဖျက်တဲ့ စိတ်ယုတ်မာရှိတဲ့ အနုပညာရှင်တချို့နဲ့ သူတစ်ပါးသေကြေပျက်စီးအောင် ဆက် ဖျက်ဆီးလိုသူတွေကတော့ မလှူကြတာတော့ မြင်ရပါတယ်။ ဒါပေမဲ့ ရာဂီရေဘေးမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ကို ကူညီကြတာ ပြန်မြင်လိုက်ရတာပါ။

ဒီလို တစ်နိုင်ငံလုံးက ရာဂီရေဘေး ကူညီမှုနောက်မှာ သူတစ်ပါးအသက် သတ်ဖြတ်နေကြတဲ့ PDF တွေရဲ့ မချိတင်ကဲအသံထွက်လာပြီး သူတို့ကိုသာ ဒီလိုလှူရင်ဆိုတဲ့ အသံတွေ ထွက်ပေါ်လာတာပါ။

တကယ်တော့ NUG နဲ့ PDF တွေကိုလည်း ပြည်သူတွေက သူတို့ဟာ ” သူတစ်ပါးအသက် သတ်မယ့်သူတွေလို့ မသိခင်၊ သူတစ်ပါးသားမယားပစ်မှားပြီး မယားငယ်နဲ့ရှုပ်မဲ့ကောင်တွေ၊ ပြည်သူလှူတာခိုးသုံးပြီး ကိုယ့်မိသားစုဘဝ အမေရိကန်လို နိုင်ငံကြီးတွေမှာ အခြေချဖို့ သုံးကြမယ်” ဆိုတာ မသိသေးခင်က အလုံးအရင်းနဲ့လှူခဲ့ကြတာပါ။ ဒီလိုအလုံးအရင်းနဲ့ Democracy Restored အတွက် လှူထားတာတွေဟာ NUG ဝန်ကြီးတွေ ခိုးဖို့၊ အရက်သေစာသောက်စား မယားငယ်ထားဖို့၊ PDF ထောက်ပို့တွေ ပြည်ပမှာ ကိုယ်ပိုင်လုပ်ငန်း၊ ကိုယ်ပိုင်အိမ်ဝယ် စည်းစိမ်ခံဖို့ ဖြစ်လာကြမှန်း ပြည်သူတွေက တိတိကျကျသိသွားချိန်မှာ မလှူကြတော့တာဖြစ်ပြီး လက်ရှိဆက်လှူနေကြတာကလည်း မကင်းရာ မကင်းကြောင်းတွေဆိုတဲ့ ပုံစံပဲ မြင်ရတော့တာပါ။

ဒီလိုမျိုး သူတစ်ပါးအသတ် သတ်ဖြတ်ပြီး ပြည်သူလှူဒါန်းတာတွေကို ခိုးဝှက်သုံးဖြုန်းနေတဲ့ NUG နဲ့ PDF တွေကိုလည်း ပြည်သူတွေက အရင်လိုမလှူတော့မှန်း ရေဘေးကြမှ တိတိပပ သိလိုက်ရတာပါ။

NUG နဲ့ PDF တွေဟာ အရင်က သူတို့ကို ပြည်သူတွေက လှူတန်းထောက်ခံနေတယ်လို့ စိတ်အားတက်အောင် လိမ်ထားသမျှကလည်း ရေဘေးကြမှ ပြည်သူက အရင်လိုမလှူတော့တာ ပေါ်လာတာဖြစ်သလို ဒီလိုမျိုး ပြည်သူလှူတာနဲ့ လူသတ်သတ်ဖြတ် ကိုယ်ကျိုးရှာခိုးဝှက်နေတဲ့ NUG နဲ့ PDF တွေကို အရင်လို မလှူကြတော့တာ သိလာရတာဟာ ရွေးကောက်ပွဲပြန်လုပ်ပြီး နိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်တည့်မတ်သွားစေလိုသူတွေအတွက်တော့ ငြိမ်းချမ်းရေးလမ်းစမြင်လိုက်ရတာပါ။

ပြည်သူတွေက ငါတို့ကိုလှူတယ် ထောက်ခံတယ်ဆိုပြီး မာန်ဝံ့နေတဲ့ NUG နဲ့ PDF တွေဟာ ငါတို့ကို ပြည်သူတွေက “အရင်လိုမလှူတော့ဘူး၊ အရင်လိုမယုံတော့ဘူး”ဆိုတာကို မျက်ဝါးထင်ထင်သိမြင်မှုနောက်မှာ ပြည်သူမလှူတော့တာနဲ့အမျှ လူသတ်ပွဲတွေ၊ တိုက်ပွဲတွေ တဖြည်းဖြည်းလျော့ကျလာမှာလည်း အသေ အချာပါ။

လက်ရှိလုပ်ဆောင်မဲ့ ရွေးကောက်ပွဲဖြစ်မလာရင် ဒီလိုမျိုး လူသတ်ပွဲတွေ စစ်ပွဲတွေ အနှစ် ၂၀ လောက်ဆက်ဖြစ်နေမှာလည်း အသေအချာမို့လို့ ကိုယ်ကျိုးရှာခိုးဝှက်နေတဲ့ NUG နဲ့ PDF တွေကို မလှူတော့လေ ပြည်သူသေကြေပျက်စီးမှုအနည်းဆုံးနဲ့ အမြန်ဆုံးဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည် တက်လှမ်းနိုင်မှာ သေချာလေပါ။ ဒါကြောင့်မို့လို့ ပြည်သူလှူတာကို ကိုယ်ကျိုးရှာခိုးဝှက်နေသူတွေဆက်လှူပြီး အီလေးဆွဲနေမဲ့ စစ်ပွဲကို ငရဲကျခံ လှူတန်းထောက်ပံ့တာထက် NUG နဲ့ PDF တွေ လှူတာရပ်ပြီး အချိန်အတိုဆုံးနဲ့ Democracy Restored ကို ပြန်သွားတာဟာ အထိနာလွန်းနေတဲ့ နိုင်ငံနဲ့ ပြည်သူအတွက် အဖြေမှန်ပါလို့ တင်ပြရင်း ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက် ရပ်နားပါရစေ။

Leave a Reply

Your email address will not be published. Required fields are marked *