September 19, 2024

၁၇.၉.၂၀၂၄
Written by Hey Mar

ရေဘေးသင့်ဒေသတစ်ခုဖြစ်တဲ့ နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်အပိုင်၊ ကြက်သွန်ခင်းအုပ်စု၊ ချောင်းကြားကျေးရွာမှာ ‌လာရောက်လှူဒါန်းဝေငှတဲ့ ဒံပေါက်ထုပ်စားပြီး လူ ၂၅၀ ကျော် အစာအဆိပ်သင့်တဲ့ဝေဒနာ ခံစားနေရလို့ ပရဟိတအသင်းအဖွဲ့တွေက ဆေးရုံပို့ဆောင်ကူညီပေးနေတယ်လို့ ဘဘကြီး အကြင်နာကုသိုလ်ပြုလူမှုအထောက်အကူပြုအဖွဲ့ချုပ်ထံကနေ သိရပါတယ်။

ဖြစ်စဉ်က ညနေ ၆နာရီဝန်းကျင်လောက်က ဖြစ်ပွားခဲ့တာဖြစ်ပြီး အခုအချိန်အထိ လူနာယာဉ်တင်တွေနဲ့ ပျဉ်းမနား ကုတင် တစ်ရာဆေးရုံဆီ ပို့ဆောင်နေရဆဲလို့ သိရပါတယ် ။

“လူကြီးပိုင်းတွေကတော့ ခံနိုင်ရည် မရှိကြဘူး။ ဝမ်းပျက်ဝမ်းလျှော ဖြစ်နေတာ။ အော့အန်တာတွေရောပေါ့။ဆေးရုံက ရှင်းလင်းရေးတွေ လုပ်ပြီးလို့ လူနာတော့ ကြည့်လို့ရပြီ။ တပ်ဖက် အရပ်ဖက်က ဆေးဘက်ဆိုင်ရာ အရာထမ်းဝန်ထမ်းတွေ ဝိုင်းကူနေပါတယ်။ ကျွန်တော်တို့ အသင်းအဖွဲ့တွေလည်း သုံးလေးသင်း ပေါင်းပြီး လူနာတင်ယာဉ် ၁၅ စီးလောက်နဲ့ ဆေးရုံကူညီပို့ဆောင်ပေးနေပါတယ် ” လို့ ဘဘကြီးအကြင်နာကုသိုလ်ပြု လူမှုအထောက်အကူပြုအဖွဲ့ မှတာဝန်ရှိသူက မြေပြင်ကူညီဆောင်ရွက်နေတဲ့ အခြေအနေတွေကို MT News ကို ပြောပါတယ် ။

ရေကြီးရေလျှံမှုကြောင့် နေပြည်တော်ကောင်စီနယ်မြေအတွင်း သေဆုံးသူ ၄၂ ဦးရှိပြီး အိမ်ပေါင်း ၃၃ လုံး ရေထဲမျောပါ ပျက်စီးခဲ့ကာ၊ ရေမြုပ်အဆောက်အဦ ၃၈၁၉ လုံး ရှိပြီး ကြွင်းကျန်ရေဘေးသင့်သူတွေကိုလည်း ဆက်လက်ရှာဖွေလျှက်ရှိ‌နေကာ ပြန်လည်တည်ထောင်ရေးလုပ်ငန်းတွေကိုလည်း ဆောင်ရွက်နေတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *