ဖြိုးဝေ
၁၇. ၉. ၂၀၂၄
ရန်ကုန်- မန္တလေးနဲ့ ရုရှားနိုင်ငံ နိုဗိုဆီဘရစ်ခ်မြို့ကြား လေကြောင်းပျံသန်းပြေးဆွဲမှုကို အောက်တိုဘာ ၉ ရက်မှာ ပြန်လည်စတင်မယ်ဆိုတဲ့ ဒီရက်သတ္တပတ်မှာပဲ ဒီလပိုင်းတွေထဲ မြန်မာနိုင်ငံကနေ အရှေ့အလယ်ပိုင်းနိုင်ငံတွေဆီ သွားရောက်လုပ်ကိုင်တဲ့ အမျိုးသမီး ၁၀ ဦးအထက်ကို အစိုးရအစီအစဉ်နဲ့ ပြန်လည်ခေါ်ယူခဲ့ရတဲ့ဖြစ်စဉ်တွေ ရှိခဲ့သလို ဒီလိုမျိုး ဒုက္ခရောက်ပြီး ပြန်လာတဲ့ မြန်မာအလုပ်သမားတွေကို စေလွှတ်ခဲ့သူ ပွဲစားနဲ့ အေးဂျင့်တွေရဲ့ အချက်အလက်ကို အတိအကျမသိရှိရလို့ စစ်ဆေးအရေးယူနိုင်ခြင်း မရှိသေးဘူးလို့ ထုတ်ပြန်လာတဲ့ ဖြစ်စဥ်တွေရှိခဲ့ပါတယ်။
အခြားတစ်ဖက်မှာလည်း စက်တင်ဘာလအတွက် ရည်ညွှန်းဆန်ဈေးနှုန်းတွေ ထုတ်ပြန်ခဲ့ရာမှာ သာမန်ပြည်သူစားသုံးတဲ့ ပြည်တွင်းစားဆန်ဈေးတွေ ပြောင်းလဲမှုမရှိတဲ့အကြောင်းတွေ၊ ထိုင်းနိုင်ငံမှာ ကာလတိုသင်တန်းတက်ရောက်သူတွေကို Passport သက်တမ်းတိုးပေးမှုကို စက်တင်ဘာ ၁၆ ရက်က စတင်ရပ်ဆိုင်းခဲ့တာတွေ၊ ရေဘေးသင့်ပြည်သူတွေအတွက် ပြည်တွင်း/ ပြည်ပစေတနာရှင်တွေအနေနဲ့ အလှူငွေအပြင် အလှူပစ္စည်းတွေပါ ပါဝင်လှူဒါန်းနိုင်ပြီး ဘဏ်တွေနဲ့ချိတ်ဆက်လို့လည်း ကျပ်ငွေအပြင် နိုင်ငံခြားငွေပါ လှူဒါန်းနိုင်တယ်ဆိုတာတွေရှိပေမဲ့လည်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်အဖြစ်တော့ ပထမအကြိမ်ရေကြီးရေလျှံမှုမှာ ကျပ် ၁၂ ဘီလျံကျော် လျော်ကြေးပေးမယ်ဆိုတဲ့အကြောင်း၊ ဒေါ်လာကို စျေးကစားမယ်လို့ ကြိုတင်သိရှိထားတဲ့ လုပ်ငန်းတစ်ခုက ထုတ်ပြန်တဲ့အကြောင်းနဲ့ ရေဘေးကြောင့် ခရီးသွားနယ်မြေအချို့ ထိခိုက်ရတဲ့အခြေအနေတွေအကြောင်းကို သုံးသပ်ချင်ပါတယ်။
◾ ပထမအကြိမ် ရေကြီးရေလျှံမှုကြောင့် ကျပ် ၁၂ ဘီလျံကျော်လျော်ကြေးပေးရမယ့် အခြေအနေ
ဇူလိုင်လအကုန် ဩဂုတ်လဆန်းပိုင်းမှာဖြစ်ပွားတဲ့ ရေကြီးရေလျှံမှုမှာ စပါးခင်းတွေ ရေကြီးနစ်မြုပ်မှုကြောင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း မြန်မာ့အာမခံလုပ်ငန်းမှာ ထားရှိတဲ့ ရာသီဥတုညွှန်းကိန်းအခြေပြု သီးနှံအာမခံအတွက် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနဲ့ မွန်ပြည်နယ်တို့မှာ စုစုပေါင်းလျော်ကြေးငွေ ၁၂ ဒသမ ၂၆၅ ဘီလျံခန့် ပေးလျော်သွားမှာဖြစ်တယ်လို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြည်ထောင်စု ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ (၃/၂၀၂၄) အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် လယ်သမားတွေအနေနဲ့ ဆုံးရှုံးမှုမရှိစေဖို့ ရာသီဥတုညွှန်းကိန်း အခြေပြုသီးနှံအာမခံထားရှိရေး၊ ဆုံးရှုံးမှုတွေဖြစ်ပေါ်ရင် အာမခံလျော်ကြေးပေးအပ်မှု အခြေအနေတွေကို ပြည်သူတွေ သိရှိဖို့ အသိပညာပေးတာတွေ ဆောင်ရွက်ဖို့ ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့တာလည်း တွေ့ရပါတယ်။
အခုနှစ်မှာ မိုးစပါးစိုက်ဧက ၁၄ သန်းခန့်အထိ ပုံမှန်စိုက်ပျိုးနိုင်ခဲ့တာပါ။ ဒါပေမဲ့လည်း ရေကြီးရေလျှံမှုကြောင့် မိုးစပါးစိုက်ဧက ၁ သန်းခန့် ရေမြုပ်ခဲ့တယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကနေ သိရသလို ရေမြုပ်သွားတဲ့စပါးတွေ ပြန်စိုက်ဖို့၊ လျော်ကြေးပေးဖို့တောင် မပြီးပြတ်သေးခင်မှာ ဒုတိယအကြိမ်ရေကြီးရေလျှံမှုကပ်ဘေးကိုပါ မြန်မာနိုင်ငံက ရင်ဆိုင်လိုက်ရပြန်ပါတယ်။ ပထမအကြိမ်မှာတော့ ရေကြီးရေလျံမှုဟာ ပုံမှန်အတိုင်းလိုမို့ မြစ်ဘေးက မြို့တွေပဲ ဖြစ်တာမို့ ထိခိုက်တယ်ဆိုဦးတော့ လူ့အသက်တွေ ထိပါးမှုနည်းသလို အခြားသော ဘေးထွက်ဆိုးကျိုးပျက်စီးမှု နည်းခဲ့ပါတယ်။ ဒါပေမဲ့လည်း ရာဂီမုန်တိုင်းဒဏ်ကြောင့် စက်တင်ဘာ ၉ ရက်ကစလိုက်တဲ့ မိုးကြီးရေလျှံမှုမှာတော့ တောင်ကျချောင်းရေပါ မြန်မာပြည်က မြို့နယ် ၅၀ ကျော်အထိ သက်ရောက်မှုရှိခဲ့လို့ ပြည်သူ ၂၂၆ ဦးသေဆုံးတဲ့အပြင် ပျောက်ဆုံးနေဆဲ ပြည်သူတွေ၊ ရွာလုံးကျွတ်နေအိမ်မျောပါမှုတွေ၊ စိုက်ပျိုးမြေအပြင် ကျွဲ၊ နွား၊ တိရစ္ဆာန်၊ အိမ်ခြံမြေ၊ ကား၊ ဆိုင်ကယ်ပိုင်ဆိုင်မှုတွေ ရွာလုံးကျွတ်ရေမျောပါမှုတွေကိုပါ ဆိုးဆိုးရွားရွားကို ကြုံခဲ့ရတာပါ။
တကယ်တော့ ဒီရာဂီမုန်တိုင်းဟာလည်း မြန်မာနိုင်ငံတစ်ခုတည်းကို ဦးတည်တိုက်ခိုက်တဲ့ ဘေးဆိုး မဟုတ်ဘဲ ဖိလစ်ပိုင်၊ တရုတ်၊ ဗီယက်နမ်၊ လာအို၊ မြန်မာ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် ၇ နိုင်ငံလောက်ကို ဖြတ်တိုက်ပြီး အရှေ့တောင်အာရှလေးနိုင်ငံမှာဆို လူ ၅၀၀ ကျော်ကို သေခဲ့ရတာပါ။ ဗီယက်နမ်က လတ်တလောမှာ လူသေဆုံးမှုအမြင့်ဆုံးဖြစ်နေသလို မြန်မာက ဒုတိယလိုက်ပါတယ်။ ထိုင်းနိုင်ငံကကြတော့ ဆုံးရှုံးမှုက ဘတ် ၂၇ ဘီလျံကျော်ဖိုးအထိ ရှိနေတာပါ။ မိုခါလို နာဂစ်လိုအရှိန်အဟုန်ပြင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းကြီးတောင်မှ ကြိုတင်သိရှိကာကွယ်နိုင်ခဲ့တဲ့ မြန်မာနိုင်ငံမှာ ရာဂီလို အဖျားခတ်တဲ့ ဆိုင်ကလုန်းမုန်တိုင်းကြမှ ဘာကြောင့် သေကြေပျက်စီးမှုများသွားတာလဲဆိုရင်တော့ ဒီရာဂီရဲ့ သက်ရောက်မှုဟာ မိုးကြီးရေလျှံမှုကို ကြုံတွေ့လေ့မရှိတဲ့ နေပြည်တော်အပါအဝင် မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ ကလောလိုနေရာမျိုးတွေဖြစ်ခဲ့တာ၊ မကြုံဖူးတော့ ကယ်ဆယ်ရေးလာတာကို မလိုက်ကြတာ၊ မကြုံဖူးတဲ့ တောင်ကျချောင်းရေရဲ့ဘေးကို တုံ့ပြန်နိုင်စွမ်းမရှိတာ၊ လှေတွေ၊ စက်လှေတွေ သုံးလေ့ရှိတဲ့ဒေသတွေမဟုတ်လို့ တောင်ကျရေထဲပိတ်မိနေတာကို သိနေရတာတောင် ကယ်ထုတ်ဖို့ စက်လှေအကြီးစားတွေ မရှိတာ စတဲ့ ဖြစ်ရပ်တွေ ပေါင်းစုသွားတာကြောင့် ဒုတိယအကြိမ်ရေဘေးက ပထမအကြိမ်ထက် ပိုကြီးကျယ်သွားတာပါ။
တကယ်တော့လည်း ကမ္ဘာကြီးဟာ မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ သဘာ၀ပတ်ဝန်းကျင်ဖျက်ဆီးမှုတွေတင်မက ကမ္ဘာ့အင်အားကြီးနိုင်ငံတွေရဲ့ သဘာ၀ပတ်ဝန်းကျင်ကို ဖျက်ဆီးမှုတွေကြောင့် ဘေးဒုက္ခတွေဟာ တစ်နိုင်ငံတည်းခံနေရတော့တာ မဟုတ်ဘဲ ကမ္ဘာ့နိုင်ငံတိုင်းလိုလိုက ပုံစံအမျိုးမျိုးနဲ့ ခံနေရတာဖြစ်ပြီး မြန်မာနိုင်ငံလို စစ်တိုက် ကိုယ်ကျိုးစီးပွားရှာပြီး သယံဇာတတွေ ပုံစံမျိုးစုံနဲ့ ခိုးထုတ်ခံနေရတဲ့နိုင်ငံကတော့ ပိုအထိနာတာပါ။ အခုလည်း ရာဂီလိုမျိုး ဆိုင်ကလုန်းမုန်တိုင်းတွေ ဒီရက်ပိုင်းထဲ ထပ်မံ ဖြစ်လာနိုင်ခြေရှိနေတာ၊ တစ်နှစ်ထက်တစ်နှစ် ပျက်ယွင်းလာတဲ့ သဘာ၀ပတ်ဝန်းကျင်ကြောင့် ရာဂီလိုမုန်တိုင်းတွေ ထပ် အတိုက်ခံရဖို့ သေချာနေလို့ မြစ်နားချောင်းဘေးနေသူတွေ၊ တောင်ကုန်းတောင်တန်းဘေးနေသူတွေသာမက လက်ရှိ ရေဘေးသင့်ရာ ၅၆ မြို့နယ်က ပြည်သူတွေပါ သဘာ၀ဘေးကို ကြိုတင်ကာကွယ်နိုင်ဖို့ ပြင်ဆင်ဖို့ တိုက်တွန်းရမှာဖြစ်ပြီး ကြိုတင်မပြင်ဆင်နိုင်ရင်တော့ အခုလို အသက်အိုးအိမ်စည်းစိမ်ပျက်သုဉ်းမှုတွေ မကြာခဏ ထပ်ကြုံနေရမှာပါလို့ပဲ သတိပေးပါရစေ။
◾ စျေးကစားခံဒေါ်လာ
ဒေါ်လာဈေး မတည်ငြိမ်အောင်လုပ်တာကြောင့် အရေးယူမယ်လို့ ဗဟိုဘဏ်က ကြေညာချက်ထုတ်ပြန်ခံရတဲ့ NUGGETS လုပ်ငန်းစုဟာ ဗဟိုဘဏ်ကို တစ်ပြန်စီး သိက္ခာချတဲ့အပြင် နိုင်ငံခြားငွေ တရားမဝင် ရောင်းဝယ်မှုကို ဆက်လက်လုပ်ဆောင်မယ်လို့ပါ ပေါ်တင်ထုတ်ပြန်ခဲ့ပေမဲ့လည်း စျေးကစားကြမယ့်သူတွေရှိနေတာကြောင့် စက်တင်ဘာ ၁၀ ရက်ကနေ ၁၅ ရက်အတွင်း နိုင်ငံခြားငွေ ရောင်းဝယ်မှု ယာယီရပ်ဆိုင်းမယ်လို အသိပေးကြေညာလိုက်တာ တွေ့ရပါတယ်။ ဒီ အသိပေးကြေညာချက်မှာ NUGGETS လုပ်ငန်းစု အပါအဝင် မြန်မာပြည်သူပြည်သားတွေနဲ့ ကုန်သည်တွေက ငွေဈေးတည်ငြိမ်ခြင်းကို လိုလားပေမဲ့လည်း NUGGETS မဟုတ်တဲ့ လက်မည်းကုန်သည်တွေက စက်တင်ဘာလ ၁၀ ရက်ကနေ ၁၅ ရက်အတွင်း ဈေးကစားမှာကို လုပ်ငန်းစုက ကြိုတင်သိရှိခဲ့တာကြောင့် အဲဒီရက်တွေမှာ အရောင်းအဝယ်နားမယ်လို့ ဖော်ပြခဲ့တာပါ။
တကယ့်တကယ်မှာလည်း ဇူလိုင်လဆန်းကစပြီး တစ်ဒေါ်လာ ကျပ် ၄၆၀၀ အထက် ရောက်လာတဲ့ ဒေါ်လာစျေးဟာ ဩဂုတ်လအတွင်းမှာ ကျပ် ၇၀၀၀ ကျော်နဲ့ သမိုင်းတစ်လျှောက် စံချိန်တင် အမြင့်ဆုံးဖြစ်ခဲ့တာပါ။ ဒါပေမဲ့လည်း ဒီစံချိန်တင်မှုဟာ ပြည်သူကျပ်တည်းပြီး အစိုးရပြုတ်ကျဖို့ ရည်ရွယ်လုပ်ဆောင်နေတဲ့ စျေးကစားမှုတွေဖြစ်ပြီး ဒီလိုမျိုး စျေးကစားမှုတွေဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိရောက်လာပြီး ဒေါ်လာ ၃ ဘီလျံ ကူညီသွားတယ်ဆိုတဲ့ သတင်းနဲ့အတူ တစ်စတစ်စ ပြန်ကျရာက စက်တင်ဘာ ၉ ရက်မှာ ကျပ် ၄၈၀၀ အထိ ကျဆင်းလာပေမဲ့လည်း လက်မဲတွေရဲ့ စျေးကစားမှုနဲ့ စက်တင်ဘာ ၁၀ ရက်ကစ ကျပ် ၅၆၀၀ လောက် ပြန်ရောက်သွားတာပါ။ ဒါပေမဲ့လည်း NUGGETS ရဲ့ စျေးကစားမယ်ဆိုတဲ့ ကြေညာချက်အပြင် ရေကြီးရေလျှံမှုဘေးဒုက္ခကြောင့် ပြည်သူတွေက ဒေါ်လာကို စိတ်မဝင်စားချိန်မှာ စျေးဆွဲတင်လို့မရဘဲ တစ်ဒေါ်လာ ၅၂၀၀ လောက်မှာပဲ တန့်နေတာ တွေ့ရပါတယ်။ မြန်မာနိုင်ငံဟာ အစိုးရအဆက်ဆက် ကုန်သွယ်မှုမှာ ဒေါ်လာတစ်ခုပဲ အားပြုနေရတဲ့ဖြစ်စဉ်ကို လက်ရှိအချိန်မှာ ယွမ်/ကျပ်၊ ဘတ်/ကျပ်၊ ရူပီး/ကျပ် တိုက်ရိုက်ပေးချေနိုင်တဲ့အပြင် ရူဘယ်လ်/ကျပ်၊ တာကာ/ကျပ် ပါ တိုက်ရိုက်ပေးချေနိုင်ဖို့ လုပ်ဆောင်နေတာပါ။ အရင်တုန်းက မြန်မာ့ကုန်သွယ်မှုဟာ ဒေါ်လာ ၃၅ ဘီလျံလောက် ပျမ်းမျှရှိနေပြီး လက်ရှိမှာ ယွမ်/ကျပ်၊ ဘတ်/ကျပ်၊ ရူပီး/ကျပ် တိုက်ရိုက်ပေးချေနိုင်နေပြီဖြစ်လို့ ဒေါ်လာ ဘီလျံဆယ်ချီ လိုအပ်မှုလျော့ကျလာနေချိန်မှာ မြန်မာ့ဒေါ်လာစျေးက စံချိန်တင်တက်ပြီးရင်းတက်နေတာကတော့ နိုင်ငံရေးပြဿနာကို လက်နက်နဲ့ဖြေရှင်းတာ၊ အမေရိကန်ပိတ်ဆို့တာ၊ အစိုးရတစ်ရပ်ကို ပြုတ်ကျစေဖို့အတွက် ပြည်သူကျပ်တည်းအုံကြွအောင် စျေးကစားကြတာကြောင့်လို့ပဲ သုံးသပ်ရမှာပါ။ အကြမ်းဖက် လက်နက်ကိုင်မှုကို ဆက်ပြီး လက်ခံနေသရွေ့တော့ မြန်မာကျပ်ငွေ တန်ဖိုးကျပြီးရင်းကျ၊ ဒေါ်လာနဲ့ တခြားနိုင်ငံခြားငွေတွေ တက်ပြီးရင်းတက်ရင်းနဲ့ နွမ်းပါးပြည်သူ့ပဲ ကျပ်တည်းခြင်းအပေါ် ကျပ်တည်းခြင်းဆင့်မဲ့အပြင် နူရာဝဲစွဲ၊ လဲရာသူခိုးထောင်းခံနေရတာကို ဆင်ခြင်မြင်သင့်ပါပြီလို့ သတိပေးပါရစေ။
◾ ရေဘေးကြောင့် ထိခိုက်ရတဲ့ ခရီးသွားနယ်မြေ
ရာဂီရဲ့ သက်ရောက်မှုဒဏ်ဟာ နိုင်ငံအနှံ့စစ်ပွဲတွေကြောင့် သွားလာလို့ရတဲ့ ခရီးစဉ် နည်းသထက်နည်းလာတဲ့ မြန်မာနိုင်ငံကို ပြင်းပြင်းထန်ထန်ထိုးနှက်ခဲ့ပြီး အင်းလေး၊ ကလောအပြင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းမှာလည်း စက်တင်ဘာ ၁၂ ရက်မှာ မိုးရေချိန် ၈ ဒသမ ၅၁ လက်မရွာသွန်းခဲ့လို ၃၅ နှစ်အတွင်း အမြင့်ဆုံး မိုးရေချိန် စံချိန်သစ်တင်ခဲ့တာ တွေ့ရပါတယ်။ ဒီလိုမျိုး စံချိန်တင် မိုးရွာတာကြောင့် ဘုရားအမှတ်-(၁) ရွှေစည်းခုံဘုရားတောင်ဘက်စောင်းတန်း၊ခြင်္သေ့ရုပ်မြောက်ဘက်ကပ်လျက် အုတ်တံတိုင်းအနည်းငယ်ပဲ့ကျတာ၊ ဘုရားအမှတ်-(၁၅၉၇) သဗ္ဗညုဘုရား မြောက်ဘက်တံတိုင်းမုခ် အနောက်ဘက်ခြမ်းအုတ်ပဲ့ကျတာ၊ ဘုရားအမှတ်-(၁၈၁၂) ထီးလိုမင်းလိုဘုရား မဟာရံတံတိုင်းမြောက်ဘက် ချဉ်မိတ်တိုး၊ အရှေ့ဘက်အဝင်မုခ် အနည်းငယ်ပဲ့ကျတာ၊ ဘုရားအမှတ်- (၁၈၂ – ငှက်ပစ်တောင်အစု)ရင်ပြင် အုတ်ခုံ ပဲ့ကျတာ၊ ဘုရားအမှတ်- (၁၆၇ – ငှက်ပစ်တောင်အစု) ဓမ္မစေတီဘုရား ပစ္စယံအောက်ပိုင်းပဲ့ကျတာ၊ ဘုရားအမှတ်- (၁၀၄၂) ဆင်က အုတ်တိုက် နံရံနှစ်ဘက် ပေါင်းကူးအမိုးပြိုကျတာ၊ ဆင်ဖြူရှင်ရေကန် မြောက်ဘက်ခြမ်းရေကန်ပဲ့ကျတာ၊ ဘုရားအမှတ် – (၇၁၁) လက်ပွတ်ကန်ဘုရား ဘုရားရင်ပြင်ခုံ အရှေ့ဘက်ခြမ်းနဲ့ တံတိုင်းအတွင်းဘက် မြောက်ဘက်ခြမ်း အုတ်ပဲ့ကျတာ ဘုရားအမှတ် – (၃၄၅ ) မှာ ဘုရား အနောက် တောင်ထောင့်နဲ့ အနောက်ဘက် အောက်ခြေခုံပဲ့ကျတာတွေ ဖြစ်ပေါ်ခဲ့တာ စတာတွေကြောင့် ရှေးဟောင်းအဆောက်အအုံ ၁၂ ခု အနည်းငယ်ထိခိုက် ပျက်စီးမှုရှိခဲ့ရပါတယ်။
လက်ရှိမှာဆိုရင် မြန်မာပြည်တွင်း ခရီးသွားလို့ရတဲ့နေရာဟာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပုဂံနဲ့ မြန်မာနိုင်ငံအလယ်ပိုင်းအပြင် ဧရာ၀တီတိုင်းလောက်ပဲ ရှိတော့တဲ့ အခြေအနေပါ။ ဒီလိုအခြေအနေကြားထဲမှာ အခု ရှမ်းပြည်နယ်တောင်ပိုင်းက ကလောမှာ အိမ်ရာချီလောက် ပျက်စီးမှု၊ လူရာဂဏန်းသေဆုံးမှုတွေ၊ တစ်မြို့လုံးနီးနီးထိခိုက်မှုတွေ၊ အင်းလေးမှာ လုပ်ငန်းတွေ ပျက်စီး၊ သီးနှံတွေ တင်ပို့မရအောင် ထိခိုက်မှုတွေ၊ ရွာငံနားက ရေပြာအိုင်ဟာ ရွံ့အိုင်ကြီးဖြစ်သွားတယ်ဆိုတဲ့အခြေအနေတွေ ဖြစ်ခဲ့တာက တော်တော်ဆိုးသလို ဧရာ၀တီဆိုရင်လည်း ရခိုင်လက်နက်ကိုင် AA က ငပလီ၊ ဂွကနေ ချောင်းသာ၊ ငွေဆောင်၊ မော်တင်စွန်းအထိ ပင်လယ်ကမ်းစပ်တစ်လျှောက် စစ်ရေးချဲ့ထွင်မယ့် အခြေအနေလည်းဖြစ်နေချိန်မှာ မိုးတွင်းသွားလာလို့ရတဲ့ ပုဂံညောင်ဦးက ထိခိုက်မှုနည်းတာပဲ ကျေးဇူးတင်ရမှာပါ။ ကိုဗစ်ကပ်ဘေးကြောင့် တစ်ကမ္ဘာလုံးရပ်ဆိုင်းသွားရတဲ့ ခရီးသွားလုပ်ငန်းတွေဟာ ကိုဗစ်ကပ်အလွန် ပြန်လည်နိုးထဖို့ အင်ဂျင်ပြင်နေစဉ်မှာ မြန်မာနိုင်ငံကတော့ တစ်နိုင်ငံလုံးလိုလို ဘေးကင်းလုံခြုံစွာ သွားလာလို့ရတဲ့ ခရီးစဉ် နည်းသထက်နည်းလာပြီး နေရာအနှံ့မှာ လက်နက်ကိုင်တွေရဲ့ ဆက်ကြေးတွေ၊ မထင်ရင် မထင်သလို ဖမ်းဆီးသတ်ဖြတ်မှုတွေ ကြီးစိုးလာတာ၊ သဘာ၀အခြေခံခရီးသွားနယ်မြေတွေဟာ မိုင်းကွင်းဖြစ်ကုန်တာ အရာရာအားလုံးရဲ့ ပျက်သုဉ်းမှုတွေဟာ ဝမ်းနည်းလို့ မဆုံးနိုင်စရာပါ။
အခုဆိုရင် အာရှအလှဆုံးထဲက ငပလီကမ်းခြေဟာ ရခိုင်လက်နက်ကိုင် AA ရဲ့ အဆင်ခြင်မဲ့ မြို့သိမ်းတိုက်ပွဲတွေအောက်မှာ စစ်တလင်းဖြစ်နေရသလို ငပလီကို မှီခိုစားသောက်နေရတဲ့ ရခိုင်ပြည်သူတွေဟာလည်း ငတ်မွတ်ခေါင်းပါးမှုကို ရင်ဆိုင်နေရပြီး ဘေးဒုက္ခမှန်သမျှ လည်စင်းခံနေရတာပါ။ မြန်မာနိုင်ငံလို သဘာ၀အခြေခံခရီးသွားလုပ်ငန်းတွေ ပေါများရုံသာမက လစဉ်လတိုင်း ရာသီအလိုက်ပွဲတော်တွေ၊ ရိုးရာယုံကြည်မှုပွဲလမ်းသဘင်တွေ ပေါများလှပတဲ့ နိုင်ငံတစ်ခုဟာ၊ ကမ္ဘာပေါ်က ရာသီဥတုတိုင်းကို တွေ့မြင်ရတဲ့လှပတဲ့နိုင်ငံတစ်ခုဟာ အသိဉာဏ်မဲ့ လက်နက်ကိုင်တွေရဲ့ အလုံးစုံ ပျက်သုဉ်းရေးစီမံချက်အောက်မှာ အလှတရားအကုန်နီးပါး ပျက်စီးသွားပြီး နေရာဒေသတိုင်းဟာ မိုင်းကျင်း၊ မိုင်းကွင်းနဲ့ သင်္ချိုင်းချည်းဖြစ်ကုန်တာ ဝမ်းနည်းစရာဖြစ်သလို ဒီလို အသိဉာဏ်မဲ့ ဖျက်ဆီးခဲ့မှုအကျိုးဆက်ဟာ ၂၀၂၅ ရွေးကောက်ပွဲလုပ်ပြီးလို့ ကာလအနည်းငယ်မှာ နိုင်ငံပြန်လည်တည်ငြိမ်လို့ လက်နက်ကိုင်ကင်းစင်ရင်တောင် မိုင်းရှင်းလင်းဖို့က ဆယ်စုနှစ်များစွာ လုပ်ဆောင်ရတော့မှာမို့ မြန်မာ့ခရီးသွားလုပ်ငန်းကဏ္ဍ တစ်ခန်းရပ်သလောက်အခြေအနေမှာ ရှေ့ဆက်မမိုက်ကြဖို့အလွန်လိုအပ်နေပါပြီလို့ သုံးသပ်မိရင်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက် ရပ်နားပါရစေ။