September 19, 2024

၁၇. ၉. ၂၀၂၄
Translated by Htwe Ko Tun

အိန္ဒိယနိုင်ငံ၊ ကိုလ်ကတ္တားမြို့တွင် ဩဂုတ်လဆန်းက အမျိုးသမီးအလုပ်သင်ဆရာဝန်တစ်ဦး မတရားပြုကျင့်အသတ်ခံခဲ့ရမှုအပေါ် ဆန္ဒပြမှုများက ဆိုးရွားပြင်းထန်လာသည်နှင့်အမျှ စက်တင်ဘာလ ၁၆ ရက် ညပိုင်းတွင်ပြည်နယ်အစိုးရအာဏာပိုင်များက ကိုလ်ကတ္တားမြို့ရဲချုပ်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ အဆင့်မြင့်တာဝန်ရှိသူနှစ်ဦးအား အလုပ်မှထုတ်ပယ်ခဲ့ကြောင်း သိရသည်။

အသက် ၃၁ နှစ်ရှိ နိုင်ငံပိုင်ဆေးရုံတစ်ရုံမှ အမျိုးသမီးအလုပ်သင်ဆရာဝန်အား မတရားပြုကျင့် သတ်ဖြတ်ခဲ့ပြီးနောက် အလောင်းအား မြို့အရှေ့ပိုင်းမှ ဩဂုတ်လ ၉ ရက်တွင် ပြန်လည်တွေ့ရှိပြီးနောက် ထို အဖြစ်အပျက်က အမျိုးသမီးများအား အကြမ်းဖက်မှုနှင့်ပတ်သက်၍ ကြာရှည်လှပြီဖြစ်သောကိစ္စကို တစ်နိုင်ငံလုံးသို့ မကျေမနပ်ဖြစ်စေရန် ပြန်လည်လှုံ့ဆော်ပေးသည့်သဖွယ်ရှိခဲ့သည်။

ထိုလူသတ်မှုအပြီး အိန္ဒိယတစ်နိုင်ငံလုံး ဆန္ဒပြမှုများဖြစ်ပေါ်ခဲ့ရသလို အလုပ်သင်ဆရာဝန်များကလည်း အမျိုးသမီးများ၏ဘဝ ပိုမိုလုံခြုံမှုရှိစေရေးအတွက်တောင်းဆိုကာ လုပ်ငန်းခွင်ကို သပိတ်မှောက်ဆန္ဒပြမှု များ ပြုလုပ်ခဲ့ကြသည်။ နိုင်ငံ၏အခြားဒေသများတွင် ဆန္ဒပြမှုများနှင့် လုပ်ငန်းခွင်ကို ဆရာဝန်များ၏ သပိတ် မှောက်မှုများက ယခုအခါ အေးချမ်းငြိမ်သက်လာပြီဖြစ်သော်လည်း အနောက်ဘင်္ဂလားပြည်နယ်၏မြို့တော် ကိုလ်ကတ္တားမြို့တွင် ပုံမှန်ဆက်လက်ပြုလုပ်နေကြဆဲဖြစ်သည်။

စက်တင်ဘာလ ၁၆ ရက်တွင်မူ အနောက်ဘင်္ဂလား ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ် မာမာတာ ဘာနာဂျီ က ဆန္ဒပြအလုပ်သင်ဆရာဝန်များနှင့် ညှိနှိုင်းဆွေးနွေးမှုတစ်ရပ်ပြုလုပ်အပြီးတွင် ၎င်းတို့၏တောင်းဆိုချက်ကိုလိုက်လျော၍ ကိုလ်ကတ္တားမြို့ရဲချုပ်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ အဆင့်မြင့်တာဝန်ရှိ သူနှစ်ဦးအား အလုပ်မှထုတ်ပယ်ခဲ့ခြင်းလည်းဖြစ်သည်။

ဘာနာဂျီက“ကျွန်မတို့အနေနဲ့ ကျန်းမာရေးလုပ်ငန်းများဌာနရဲ့ ညွှန်ကြားရေးမှူးနဲ့ဆေးကောလိပ်ညွှန်ကြားရေးမှူးတို့နှစ်ဦးရယ်၊ ကိုလ်ကတ္တားမြို့ရဲချုပ် ရယ်ကို အလုပ်သင်ဆရာဝန်တွေတောင်းဆိုသလို အလုပ်က နေထုတ်ပေးဖို့ သဘောတူခဲ့ပါတယ်” ဟုပြောခဲ့သည်။ ၎င်းက ဆန္ဒပြဆရာဝန်များကိုလည်း လုပ်ငန်းခွင် ပြန်ဝင်ကြရန်တောင်းဆိုခဲ့ကြောင်း သိရသည်။

ဆရာဝန်တစ်ဦးဖြစ်သော မာဟာတို ကမူ “ပြည်နယ်အစိုးရနဲ့ တချို့သဘောတူညီချက်တွေတော့ရခဲ့ပါတယ်။ဒါပေမယ့် သဘောမတူညီတာတွေ ကျန်နေသေးတယ်” ဟု ပြောခဲ့သည်။

ထောင်နှင့်ချီသောဆရာဝန်များက စက်တင်ဘာလ ၁၆ ရက်တွင်လည်း မြို့၏လမ်းများအတွင်းလှည့်လည်ကာ ကြွေးကြော်သံများဟစ်အော်၍ မတရားပြုကျင့်အသတ်ခံရသူဆရာဝန်အမျိုးသမီးအတွက် တရားမျှတမှုကိုတောင်းဆိုခဲ့ကြသည်။

အိန္ဒိယနိုင်ငံတွင် ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီ၏ BJP ပါတီက အာဏာရပါတီဖြစ်သော်လည်း အနောက်ဘင်္ဂလားပြည်နယ်အစိုးရကို All India Trinamool Congress ပါတီက ခေါင်းဆောင်သည်။ ထို့ကြောင့်လည်း ထိုဖြစ်ရပ်က မိုဒီ၏ အာဏာရ BJP ပါတီအဖို့ ရွေးကောက်ပွဲနောက်ပိုင်းအောင်မြင်မှုသဖွယ်ပင် ဖြစ်ခဲ့ရသည်ဟု သုံးသပ်ကြသည်။

Ref- CNA

Leave a Reply

Your email address will not be published. Required fields are marked *