September 19, 2024

၁၇. ၉. ၂၀၂၄
Written by Nyein Kyaw

ရေဘေးဒဏ်သင့်ဒေသ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်နေသော အလှူရှင်များ၊ အဖွဲ့အစည်းများအား အိမ်မိုးသွပ်ပြားများအား ပြင်ပပေါက်ဈေးထက် ၄၀ ရာခိုင်နှုန်းလျှော့ဈေးဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ်(MCEF) မှ ယနေ့တွင် အသိပေး ကြေညာထားသည်။

“ရေဘေးကယ်ဆယ်ရေးလုပ်ငန်းမှာ အသုံးပြုဖို့ ဝယ်လို့ရှိရင် ပစ္စည်းဈေးကြီးမှာဖြစ်တဲ့အတွက် အခုပြောထားတဲ့အတိုင်းပဲ ဈေးနှုန်းကို ၄၀ ရာခိုင်နှုန်းလျှော့ချပြီးတော့ ရောင်းချပေးမှာဖြစ်ပါတယ်။ လှူဒါန်းလိုတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ အသင်းအဖွဲ့အမည်ကို ဖော်ပြရမယ်။ အမည်ဖော်ပြရမယ်။ လှူဒါန်းမယ်နေရာရယ်။ ဝယ်ယူမယ့်အ‌ရေအတွက်ကို လျှောက်လွှာ‌လေးနဲ့ တင်ရင်ရပါတယ်။ အရေအတွက်ကိုတော့ ကန့်သတ်ထားမှုမရှိပါဘူး” ဟု MCEF မှ အထွေထွေမန်နေဂျာက ပြောသည်။

လက်တလောဖြစ်ပေါ်လျက်ရှိသည့် ရေကြီးရေလျှံမှုများကြောင့် အခက်အခဲရင်ဆိုင်နေရသော ရေဘေးသင့်ဒေသများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ် (MCEF) က အမိုးသွပ် 0.348mm ရှိ 4 Angle Roofing Sheets အချပ်ရေ ၃ဝဝဝဝ သွပ်ပြားများအား ကာလပေါက်ဈေးနှုန်း၏ ၄၀ ရာခိုင်နှုန်းလျော့ဈေးဖြင့် သက်သာသည့်နှုန်းထားဖြစ်သော ၁ ပေဈေးနှုန်း ၂၅၀၀ ကျပ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်သည်။

အလှူရှင်များ၊ အသင်းအဖွဲများ ၊ ပရဟိတအသင်းများအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ သံသုမာလမ်းနှင့် ဝေဇယန္တာလမ်းထောင့်၊ အမှတ် (၃) ရှိ MCEF သို့ ဆက်သွယ်နိုင်ပြီး သိရှိလိုသည်များကိုလည်း အသင်းချုပ်၏ အထွေထွေမန်နေဂျာ၏ ဖုန်း ၀၉-၂၆၆၈၂၃၂၂၆ ၊ ၀၉-၈၉၃၂၁ရ၁ဝ၉ များသို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *