September 19, 2024

၁၇.၉.၂၀၂၄
Written by Hey Mar

မြင့်တက်လာတဲ့ ကုန်ဈေးနှုန်းတွေနဲ့ ဝင်ငွေထွက်ငွေကာမိအောင် ချက်ပြုတ်ပြင်ဆင်ရတဲ့ အိမ်ရှင်မတွေရဲ့ အားထားရာ ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်အစပ်၊ အင်းစိန်မြို့နယ်အတွင်းက တညင်းကုန်းဈေးကြီးမှာ ကုန်ကားအဝင် မနေ့ကတည်းကပြန်ရှိနေပြီမို့ ဟင်းသီးဟင်းရွက်ဈေးနှုန်းတွေ ဒီကနေ့လက်လီ လက်ကားအရောင်းမှာ ပြန်လည်ကျဆင်းနေပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက မြန်မာပြည်အထက်ပိုင်းနဲ့ အလယ်ပိုင်းမှာ ရေကြီးရေလျှံမှုတွေကြောင့် ကုန်စည်စီးဆင်းမှု နှောင့်နှေးခဲ့ရပြီး ရှမ်းပြည်နယ်ထွက်ကုန်တွေဖြစ်တဲ့ ဂေါ်ဖီထုပ်အပါအဝင် ‌ရာသီကုန် ဂေါ်ရခါးသီး၊ ဂျူးမြစ်၊ ခရမ်းချဉ် စတဲ့အသီးအနှံတွေ ဈေးနှုန်းမြင့်တက်ခဲ့တာပါ။ ရှမ်းပြည်နယ် အောင်ပန်းဘက်က ဂေါ်ဖီထုပ် ကုန်ကား မဝင်နိုင်တဲ့အတွက် မှော်ဘီဘက်က သီးနှံနဲ့ တောင့်ခံရောင်းချရလို့ လွန်ခဲ့တဲ့ ၅ ရက်ဝန်းကျင်က ဂေါ်ဖီတစ်ထုပ်ကို ကျပ်တစ်သောင်းလက်ကားရောင်းချရာကနေ လမ်းကြောင်းတွေ ပြန်ပွင့်ပြီး ကုန်အဝင်များလာလို့ တညင်းကုန်းဈေးကြီးမှာ ဟင်းသီးဟင်းရွက်တွေ ဈေးပြန်ကျလာပြီ ဖြစ်ပါတယ်။

ရွှေပြည်သာမြို့နယ်ကနေ ဈေးတွေအတွက်ကားနဲ့ အဝယ်တော်လုပ်ကိုင်သူအမျိုးသားတစ်ဦးက “လမ်းပြန်ပွင့်လို့ ကုန်စိမ်းကားတွေ ဆက်တိုက် ဝင်လာနေတယ်။ မှော်ဘီဘက်က ရထားကုန်လည်းဝင်တယ်။ အခု ဂေါ်ဖီက တစ်ထုပ် တစ်ထောင်၊ ထောင့်ငါးရာပဲ။ ခရမ်းချဉ်၊ ပဲသီး၊ ဂေါ်ဖီပန်းလည်းဈေးကျတယ်” လို့ MT News ကိုပြောပါတယ်။

တညင်းကုန်းလက်ကားဈေးကြီးမှာ ကျပ်တစ်ထောင်ဖိုးကနေ စတင်ဝယ်ယူလို့ရပြီး မြို့နယ်ချင်းနီးတဲ့အိမ်ရှင်မတွေက စပ်တူ စုပေါင်းစပ်ပေါင်း ဝယ်ယူတာမျိုးတွေနဲ့ ကုန်ဈေးနှုန်းကြီးတဲ့ပြဿနာကို ဖြေရှင်းကာ အိမ်စရိတ်ပိုထွက်လာအောင် ဖန်တီးကြပါတယ်။

လက်လီဈေးတွေမှာ အခြေခံစားကုန် ငရုပ်သီးစိမ်းက ကျပ် ၂၀၀ ၊ ၃၀၀ ဖိုးဆိုရင် ဟင်းတစ်ခါခပ်စာသာရရှိပြီး တချို့ ဈေးသည်တွေက ကျပ် ၅၀၀ ဖိုးသာ အနည်းဆုံးရောင်းချတာလည်းရှိပါတယ်။ တညင်းကုန်းဈေးမှာ ငရုပ်သီးစိမ်း ကျပ်တစ်ထောင်ဖိုးက ၆×၁၁ ကြွပ်ကြွပ်အိတ်တစ်လုံးစာရရှိတာမို့ အနည်းဆုံး ကျပ် ၃၅ ကျပ်သား ၄၀ ကျပ်သားနီးပါးရရှိကာ အိမ်ထောင်စု နှစ်စု တစ်ယောက်တစ်ဝက်ခွဲပြီး တစ်ပတ်စာ ဖူလုံတယ်လို့ ‌အင်းစိန် ဟိုက်ပက် ဘိုကုန်းဘက်မှ အိမ်ရှင်မတစ်ဦးက ဆိုပါတယ်။

အဆိုပါ အိမ်ရှင်မက သူ့ရပ်ကွက်အနီးက ဘိုကုန်းဈေးမှာဈေးမဝယ်ဖြစ်ဘဲ တညင်းကုန်းဈေးမှာ ဝယ်ယူဖြစ်ပုံကိုလည်း “ဈေးထဲမှာက သူတို့လည်း သယ်ယူစရိတ်တွေဘာတွေနဲ့ဆိုတော့ ‌ခရမ်းချဉ်ဆိုလည်းတစ်ဆယ်သား တစ်ထောင်က မဆင်းဘူး။ ပြုတ်ခရမ်း တို့စရာဆို ငါးရာဖိုးမရောင်းဘူး။ ခရမ်းသီး အလုံးအရွယ်တော်လေးတွေဆို တစ်ထောင်ဖိုး သုံးလုံး အဲ့လိုရောင်းတာ။ ဟင်းသီးဟင်း ရွက်တစ်ခွက်တင် ငွေ ၅၀၀၀ ထောင်လောက် ကုန်နေတော့ တညင်းကုန်းဈေးသွားဝယ်နေတာ အတော်ကြာပြီ။ တစ်ပတ်စာကို အသားငါးဆိုလည်း သူက အစိတ်သားက စဝယ်လို့ရတယ်။ ဟင်းသီးဟင်းရွက် တစ်ထောင်ဖိုးက စရောင်းတယ်။ သုံးလေးယောက် စုပြီးစပ်တူဝယ်ရင် ပိုတောင်တန်တယ်” လို့ ပြောပါတယ်။

ရေဘေးကြောင့် လမ်းတွေပိတ်ပြီး ဈေးကားတွေ မဝင်နိုင်ဖြစ်နေတဲ့ တညင်းကုန်းဈေးကြီးကို ကုန်စိမ်းကားတွေ ပြန်ဝင်‌နေပြီမို့ ဟင်းသီးဟင်းရွက်ဈေးတွေလည်း ထိုးကျသွားပြီး ဂေါ်ဖီတစ်ထုပ် ကျပ် ၁၀၀၀၊ ခရမ်းချဉ်သီး တစ်ပိဿာ ကျပ် ၃၀၀၀၊ ငရုတ်သီးစိမ်း တစ်ပိဿာ ကျပ်၂၀၀၀၊ ငှက်ပျောသီးတစ်ဖီး ၁၀၀၀၊ ဂေါ်ရခါးသီး ၅ လုံး ကျပ် ၁၅၀၀၊ ကန်စွန်းဥ တစ်ပိဿာ ၂၀၀၀ နဲ့ ချဥ်ပေါင် အစီး၂၀ တစ်ထုံးကို ကျပ် ၁၅၀၀လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *