September 19, 2024

၁၇.၉.၂၀၂၄
Written by TZ

စက်တင်ဘာလ ၁၆ ရက် ညခင်းအချိန်တွင် ပျဥ်းမနားမြို့၊ ဆင်သေကျေးရွာ၌ လှူဖွယ်ပစ္စည်းများလုယက်ရာမှ ရေဘေးသင့်ကျေးရွာသားအချင်းချင်း ခိုက်ရန်ဖြစ်ပွားကာ အမျိုးသားတစ်ဦး ဓားခုတ်ခံရပြီး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း သိရသည်။

ရေလွှမ်းမိုးမှုကြောင့် နေအိမ်များပျက်စီးသွားသည့် ပျဥ်းမနားမြို့ရှိ ဆင်သေရွာသို့ အလှူရှင်များမှ ပစ္စည်းအစုံအလင် လှူဒါန်းပေးထားရာမှ ဆင်သေကျေးရွာ၏ ရွာတောင်ခြမ်းနှင့်ရွာမြောက်ခြမ်းရှိ ရေဘေးသင့်ပြည်သူအချင်းချင်း လှူဖွယ်ပစ္စည်းများကို လုယက်ရာမှ ကျေးရွာသားအချင်းချင်း ရန်ဖြစ်စကားများခဲ့ကြောင်း သိရသည်။

“ရေတွေကျသွားတော့ သူတို့အိမ်တွေပြန်ကြတယ်။ အဲ့ရွာဘက်ကို အလှူရှင်တွေ​က ပစ္စည်းတွေ လှူထားတာ။ အဲ့ဒါကို ငါတို့ဘက်ခြမ်းကရမယ်။ ဒီဘက်ခြမ်းက ရမယ်ဆိုပြီး ဖြစ်ကြတာ။ ရွာတောင်ခြမ်းကသူတွေနဲ့ ရွာမြောက်ခြမ်းကသူတွေ ဖြစ်ကြတာ။ အဲ့ဒီမှာ မြောက်ခြမ်းကသူက တောင်ခြမ်းကသူကို ဓားနဲ့ခုတ်တာ ရွာတောင်ခြမ်းက အမျိုးသားတစ်ယောက် ဒဏ်ရာရတယ်” ဟု ဆင်​သေကျေးရွာနေ ပြည်သူတစ်ဦးက MT News သို့ ပြောသည်။

ရန်ဖြစ်စကားများ၍ ဓားခုတ်ခံရမူကြောင့် ဒဏ်ရာရရှိသူ အသက် (၄၀) ဝန်းကျင်ရှိသည့် ဆင်သေကျေးရွာ၊ ရွာတောင်ခြမ်းတွင် နေထိုင်သည့် အမျိုးသား၏ ဦးခေါင်း၊ ခြေထောက်၊ လက်တို့တွင် ဒဏ်ရာအပြင်းအထန်ရရှိမူကြောင့် ကုတင် ၂၀၀ ဆံ့ပြည်သူ့ဆေးရုံကြီးသို့ မိုးစေတနာပရဟိတအသင်း နေပြည်တော်( ပျဥ်းမနားရုံးခွဲ) အသင်းယာဥ်ဖြင့် ပို့ဆောင်ပေးလိုက်ကြောင်း သိရသည်။

ဓာတ်ပုံ – မိုးစေတနာပရဟိတအသင်းနေပြည်တော်( ပျဥ်းမနားရုံးခွဲ)

Leave a Reply

Your email address will not be published. Required fields are marked *