September 19, 2024

​◾ ပုလော၊ မြိတ်၊ တနင်္လာရီမြို့နေပြည်သူများ နံနက် ၆ နာရီမှ ည ၆ အကြားသာအပြင်ထွက်ရန်နှင့် ကားများမှန်ချမမောင်းပါက ဖြစ်လာသည့်အကျိုးဆက်ခံစားရန်ပါ ခြိမ်းခြောက်

၁၇. ၉. ၂၀၂၄
Written by Nay Moe

စစ်ရေးတိုးချဲ့မှာဖြစ်တာကြောင့် အုပ်ချုပ်ရေးမှူးတွေကို တိုက်ခိုက်ရှင်းလင်း သတ်ဖြတ်မယ်လို့ NUG ရဲ့ တနင်္သာရီ PDF အဖွဲ့ဖြစ်တဲ့ တနင်္သာရီစစ်ဆင်ရေးဌာနက ထုတ်ပြန်ထားပါတယ်။

မနေ့က ဇန်နဝါရီ ၁၆ ရက် ရ​က်စွဲနဲ့ ထုတ်ပြန်ထားတဲ့ ဒီထုတ်ပြန်ချက်မှာ တနင်္သာရီတိုင်း၊ မြိတ်ခရိုင်အတွင်းက ပုလောမြို့နယ်၊ မြိတ်မြို့နယ်နဲ့ တနင်္သာရီမြို့နယ်တို့မှာ တပ်နဲ့ PDF တွေအကြား စစ်ရေးတင်းမာနေပြီး စစ်ကြောင်းထိုးမှုတွေရှိနေတဲ့အပြင် ကျေးရွာအုပ်ချုပ်ရေးမှူးတွေ၊ ရာအိမ်မှူးတွေကလည်း စစ်မှုမထမ်းမနေရဥပဒေကို အသက်သွင်းပြီး ပြည်သူတွေကို စစ်မှုထမ်းစေဖို့ လုပ်ဆောင်နေတယ် ပြောပါတယ်။

ဒါကြောင့်မို့လို့ တိုင်းစစ်ဌာန(တနင်္သာရီ) ဗျူဟာ(၃၅)နယ်မြေ ကွပ်ကဲမှုအောက်က PDF စစ်ကြောင်းတွေပေါင်းပြီး ပုလော၊ မြိတ်၊ တနင်္သာရီမြို့တွေမှာ စစ်ရေးတိုးမြှင့် လုပ်ဆောင်သွားမှာ​ဖြစ်သလို စစ်ရေးပစ်မှတ်တွေ အုပ်ချုပ်ရေးပစ်မှတ်တွေကို တိုက်ခိုက်သတ်ဖြတ်သွားမယ်ပြောပါတယ်။

ဒါ့အပြင် PDF တွေ တိုက်ခိုက်သတ်ဖြတ်မယ့် မြို့နယ်များအတွင်းက ပြည်သူများအနေနဲ့ ပုလောမြို့နယ်မှာ ပြည်ထောင်စုလမ်းမကြီးအပိုင်း၊ မြိတ်မြို့နယ်မှာ မြိတ်မြို့အထွက် ကျောက်ဖြူတောင်လမ်းဆုံကနေ သာရမဲ၊ အင်္ဂမော်၊ ကြေးနန်းတိုင် လမ်းတစ်လျှောက်နဲ့ တနင်္သာရီမြို့နယ်အတွင်း ပြည်ထောင်စုလမ်းမကြီးများပေါ် သွားလာရာမှာ နံနက်(၆)နာရီကနေ ည(၆)နာရီအတွင်းသာ သွားလာကြဖို့၊ ခရီးသွားကားများ မှန်ချပြီး မောင်းနှင်ကြဖို့၊ ကုန်ကားတွေ အလုံပိတ်ဖုံးအုပ်ထားခြင်း (လုံးဝ) မပြုလုပ်ကြဖို့နဲ့ မလိုက်နာရင်ဖြစ်လာတဲ့အကျိုးဆက် ပြည်သူပဲခံရမယ်လို့လည်း တနင်္သာရီ PDF တွေက ခြိမ်းခြောက်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *