September 19, 2024

၁၇. ၉. ၂၀၂၄
Translated by Htwe Ko Tun

စက်တင်ဘာလ ၇ ရက်တွင် ဗီယက်နမ်နိုင်ငံ အရှေ့ဘက်ပင်လယ်ကမ်းခြေမှစတင်၍ ကုန်းတွင်းဝင်ရောက်ခဲ့သော တိုင်ဖွန်းရာဂီက အရှေ့တောင်အာရှနိုင်ငံများဖြစ်သော လာအို၊ ထိုင်းနှင့် မြန်မာနိုင်ငံများကိုပါ လေပွေလှိုင်းအဖြစ် ဆက်လက် ဖြတ် သန်းတိုက်ခတ်ခဲ့မှုကြောင့် ထိုလေးနိုင်ငံအတွင်း ရေကြီးခြင်း၊ မြေပြိုခြင်းနှင့်ဆက်စပ်နေသော အခြားဘေးအန္တရာယ်အမျိုးမျိုးဖြစ်ပွားခဲ့မှုကြောင့် စက်တင်ဘာလ ၁၆ ရက်အထိ ၎င်းနိုင်ငံများတွင် သေဆုံးသူမှာ ၅၀၀ ကျော်အထိရှိလာပြီဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်အထိ တိုင်ဖွန်းကြောင့် သေဆုံးရသူအများဆုံးဖြစ်နေသည့် ဗီယက်နမ်နိုင်ငံတွင် စက်တင်ဘာလ ၁၆ ရက်အထိ စုစုပေါင်းသေဆုံးသူ ၂၉၂ ဦးရှိလာကာ ၃၈ ဦးပျောက်ဆုံးနေကြောင်း အာဏာပိုင်များက ပြောခဲ့ကြသည်။ တိုင်ဖွန်းကြောင့် ဗီယက်နမ်နိုင်ငံအတွင်း လူနေအိမ် ၂၃၀,၀၀၀ ကျော်နှင့် စိုက်ပျိုးမြေ ဟက်တာ ၂၈၀,၀၀၀ တို့လည်းပျက်စီးခဲ့ရကြောင်း သိရသည်။

တိုင်ဖွန်းရာဂီ က ဗီယက်နမ်နိုင်ငံ၏ လူနေထူထပ်သည့် စိုက်ပျိုးရေးဒေသနှင့် စက်မှုအချက်အခြာဒေသဖြစ်သော နိုင်ငံမြောက်ပိုင်းကို ဖြတ်သန်းသွားခဲ့ရာ အခြေခံအဆောက်အအုံ စက်ရုံများလည်း အများအပြားပျက်စီးခဲ့ရသည်။ တိုင်ဖွန်းကြောင့် ထိခိုက်ဆုံးရှုံးမှုတွင် စီးပွားရေးအရ ဆုံးရှုံးမှုများက အမေရိကန် ဒေါ်လာ ၁ ဒသမ ၆ ဘီလျံဖိုးရှိမည်ဟု ခန့်မှန်းကြောင်း အစိုးရကပြောခဲ့သည်။

ရေလွှမ်းမိုးမှု ဆိုးရွားစွာဖြစ်ပေါ်ခဲ့သော မြန်မာနိုင်ငံတွင် သေဆုံးရသူ ၂၂၆ ဦးနှင့် ပျောက်ဆုံးနေသူ ၇၇ ဦးအထိရှိလာကြောင်း စက်တင်ဘာလ ၁၆ ရက်တွင် နိုင်ငံပိုင်မီဒီယာက ပြောကြားခဲ့သည်။ ထို့ပြင် စပါးနှင့် အခြားသီးနှံများစိုက်ပျိုးမြေ စုစုပေါင်း ဟက်တာ ၂၆၀,၀၀၀ နီးပါးမှာလည်း ရေလွှမ်းမိုးပျက်စီးခဲ့ရသည်ဟု သတင်းကဖော်ပြခဲ့သည်။

ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံးကလည်း မြန်မာနိုင်ငံအတွင်း ရေဘေးဒဏ်ခံရသူပြည်သူ စုစုပေါင်း ၆၃၁,၀၀၀ ဦးရှိမည်ဟုခန့်မှန်းကြောင်း ပြောကြားခဲ့သည်။ ၎င်းရေဘေးက မြန်မာနိုင်ငံအတွင်းကြုံခဲ့ရသမျှအဆိုးဝါးဆုံးဖြစ်ကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်ကလည်း ပြောခဲ့သည်။

ထို့ပြင် တိုင်ဖွန်းရာဂီကြောင့် ထိုင်းနိုင်ငံတွင် သေဆုံးသူ ၁၀ ဦးနှင့် လာအိုနိုင်ငံတွင်တစ်ဦးရှိကြောင်းလည်း သိရသည်။

Ref- CNA

Leave a Reply

Your email address will not be published. Required fields are marked *