September 19, 2024

၁၇. ၉. ၂၀၂၄
Written by Nay Moe

မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် PDF များသည် ဒေသခံပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ဆက်ကြေးကောက်ခြင်း၊ လူနေအိမ်များနှင့် အစိုးရ၏ အုပ်ချုပ်မှုယန္တရားများ ရပ်တန့် စေရန် ဌာနဆိုင်ရာအဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ခြင်း စသည့် အကြမ်းဖက် အဖျက်အမှောင့်လုပ်ငန်းများကို လုပ်ဆောင်လျက်ရှိ၍ ပြည်သူများက တပ်မတော်၏ အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေး (Counter– Terrorism Operation) ဆောင်ရွက်မှုတွင် ပူးပေါင်းပါဝင်ပေးရာ ယမန်နေ့နံနက်ပိုင်းတွင် ပြည်သူများ၏ သတင်းပေးပို့မှုအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက တောင်သာမြို့နယ်၊ သာယာကြီးကျေးရွာအနီး ခိုအောင်းလှုပ်ရှားနေသော PDF များကို စနစ်တကျ ချီတက်ရှင်းလင်းခဲ့သည်ဟု သိရသည်။

ထိုသို့ဆောင်ရွက်ခဲ့ရာ သာယာကြီးကျေးရွာ၏ မြောက်ဘက်ခြမ်း ကျေးရွာစာသင်ကျောင်းနှင့် ဓမ္မပါလဘုန်းကြီး ကျောင်း တိုက်ဝန်းကျင်၌ အင်အားစုဖွဲ့ အခြေပြုလျက်ရှိသည့် PDF ခေါင်းဆောင်နှင့် အင်အားစိစစ်ဆဲအဖွဲ့များနှင့် လုံခြုံရေးတပ်ဖွဲ့များ ထိတွေ့မှုဖြစ်ပွားခဲ့ပြီး PDF များသည် အရှေ့တောင်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။ ထိုတိုက်ပွဲအတွင်း PDF များထံမှ အလောင်းအချို့နှင့် ပစ္စတို ၁ လက်၊ ၎င်းကျည် ၁၀ တောင့်၊ ကျည်အိမ် ၁ ခုကို သိမ်းဆည်းရမိခဲ့သည်။ ဆက်လက် ၍ ထိတွေ့မှုဖြစ်ပွားသော နေရာတဝိုက်သို့ ဆက်လက်ရှင်းလင်းခဲ့ရာ PDF များ အသုံးပြုသော မော်တော်ယာဉ်အချို့၊ လက် လုပ်စိန်ပြောင်း ၁ လက်၊ ဒေသန္တရကွန်ကြူပိုက်မိုင်းအကြီး ၆ လုံး၊ အသေး ၅ လုံး၊ စနက်တံ ၂၀ ခု၊ ၅ ဒသမ ၅၆ မမကျည် ၁၄၀ တောင့်နှင့် ဝါယာကြိုး ၂ ခွေ သိမ်းဆည်းရမိခဲ့သည်။

အဆိုပါ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ကျေးရွာအတွင်းအသေးစိတ် ဆက်လက်ရှင်းလင်းခဲ့ရာ နေ့လယ်ပိုင်းမှစ၍ တောင်သာ၊ နွားထိုးကြီးနှင့် မြင်းခြံဒေသပတ်ဝန်းကျင်ရှိ PDF အင်အားအများစုဖြင့် ရွာတောင်ဘက်ခြမ်း၌ ထပ်မံထိတွေ့မှု ဖြစ်ပွားခဲ့ရာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့၍ လေကြောင်းပစ်ကူရယူ၍ ချေမှုန်းခဲ့ရာ ပစ်ခတ်မှုများ ညနေပိုင်းတွင် ပြီးဆုံးခဲ့သည်။

ဖြစ်စဉ်တွင် အကြမ်းဖက်အဖွဲ့များ ထိခိုက်သေဆုံး ဒဏ်ရာအများအပြားဖြင့် သာယာကြီးရွာအတွင်းမှ တောင်ဘက်နှင့်အနောက်ဘက်များသို့ ဖရိုဖရဲဆုတ်ခွာ ထွက်ပြေးသွားပြီး လုံခြုံရေးတပ်ဖွဲ့ဝင်အချို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ပြည်သူ့သတင်းပေးမှုအပေါ်မူတည်၍ အကြမ်းဖက်ချေမှုန်းမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *