September 19, 2024

၁၇.၉.၂၀၂၄
Written By Thandar

ရုပ်ရှင်၊ ဂီတနယ်ပယ်က အနုပညာရှင်တွေနဲ့ ရန်ကုန်တိုင်းအမျိုးသမီး လက်ရွေးစင်အသင်းတို့ ပါဝင်ကစားသွားမယ့် ရေဘေးသင့်ဒေသတွေ ပြန်လည်ထူထောင်ရေး ရန်ပုံငွေဘောလုံးပွဲကို လာမယ့် စက်တင်ဘာ ၂၄ ရက်ကနေ ၂၇ ရက်အထိ ရန်ကုန်မြို့ရှိ MFF FUTSAL STADIUM မှာ ကျင်းပသွားမှာဖြစ်ပါတယ်။

ရေဘေးသင့်ဒေသတွေ ပြန်လည်ထူထောင်ရေး ရန်ပုံငွေဘောလုံးပွဲ နဲ့ စာနယ်ဇင်းရှင်းလင်းပွဲကို စက်တင်ဘာ ၁၆ရက် နံနက် ၉ နာရီကကျင်းပခဲ့ရာမှာ သရုပ်ဆောင် ပိုင်ဇေရဲထွန်း၊ မိုးယံဇွန်၊ မာန်ဟိန်း၊ အဆိုတော် ယုန်လေး၊ ရာဝဏနဲ့ ဘောလုံးပိုင်းက တာဝန်ရှိသူတွေက တက်ရောက် ရှင်းလင်းခဲ့ပါတယ်။

“ကျွန်တော်တို့က ရေဘေးသင့်ဒေသတွေ ပြန်လည်ထူထောင်ရေး ရန်ပုံငွေဘောလုံးပွဲအတွက် အနုပညာရှင် ၃ သင်းနဲ့ ရန်ကုန်တိုင်းလက်ရွေးစင်ချန်ပီယံဖြစ်ထားတဲ့ ရန်ကုန်တိုင်းအမျိုးသမီး လက်ရွေးစင်အသင်းတို့ ၄ သင်းပတ်လည် ယှဉ်ပြိုင်ကစားကြမှာဖြစ်တယ်။ ရလာတဲ့ အလှူငွေတွေအကုန်လုံးကို ဒုတိယအဆင့်အနေနဲ့ ပြန်လည် ထူထောင်ရေးအတွက် လိုအပ်တဲ့နေရာတွေမှာ သွားရောက် လှူဒါန်းသွားမှာပါ။ ဒီပွဲမှာဆိုရင် ရုပ်ရှင်က ဘောလုံး ဝါသနာပါတဲ့ ညီအစ်ကိုတွေလည်း ပါမယ်။ ဂီတက ဘောလုံးဝါသနာပါတဲ့ ညီအစ်ကိုတွေပါမယ်။ နောက်ပြီး Forever Group က ရုပ်သံဇာတ်လမ်းတွဲ သရုပ်ဆောင် ဝါသနာရှင် အနုပညာရှင် ညီအစ်ကိုတွေပါပြီး ယှဉ်ပြိုင်သွားကြမှာပါ။ ဘောလုံးပွဲယှဉ်ပြိုင်နေတဲ့အချိန်မှာလည်း တခြား ရုပ်ရှင်နယ်ပယ်ထဲက သရုပ်ဆောင်တွေ၊ အဆိုတော်တွေက သီချင်းတွေ လာဆိုပြီး ဖျော်ဖြေကြမှာဖြစ်ပါတယ်။ ပြိုင်ပွဲကာလက ၄ ရက် ဖြစ်တဲ့အ တွက် အဆင်ပြေရင်ပြေသလို အားတဲ့အနုပညာရှင်မောင်နှမတွေက ဒီမှာ လာရောက်ဖျော်ဖြေကြမှာပါ”လို့ သရုပ်ဆောင် ပိုင်ဇေရဲထွန်းကပြောပါတယ်။

အဆိုပါ ရန်ပုံငွေဘောလုံးပွဲအနေနဲ့ စက်တင်ဘာ ၂၄ ရက်မှာတော့  ရန်ကုန်တိုင်းအမျိုးသမီး လက်ရွေးစင်အသင်း YW FC နဲ့ Music FC တို့က မွန်းလွဲ ၃ နာရီမှာ တစ်ပွဲ၊ Movie FC နဲ့ Forever Group က သရုပ်ဆောင်တွေ ပါဝင်တဲ့ Friend FC တို့က ညနေ ၄ နာရီမှာ တစ်ပွဲ၊ စက်တင်ဘာ ၂၅ ရက်မှာ YW FC နဲ့ Friend FC တို့က မွန်းလွဲ ၃ နာရီမှာ တစ်ပွဲ ၊ Movie FC နဲ့ Music FC တို့က ညနေ ၄ နာရီမှာ တစ်ပွဲ ၊ စက်တင်ဘာ ၂၆ ရက်မှာ  Music FC နဲ့ Friend FC တို့က မွန်းလွဲ ၃ နာရီမှာ တစ်ပွဲ ၊ YW FC နဲ့ Movie FC တို့က ညနေ ၄ နာရီမှာ တစ်ပွဲ ပွဲစဥ်အသီးသီး ယှဉ်ပြိုင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

စက်တင်ဘာ ၂၇ ရက် မွန်းလွဲ ၃ နာရီမှာ တတိယနေရာလုပွဲကို အုပ်စု တတိယနဲ့  အုပ်စု စတုတ္ထတို့က ဆက်လက်ယှဉ်ပြိုင်ကြမှာဖြစ်ပြီးတော့ ညနေ ၅ နာရီမှာတော့ ဗိုလ်လုပွဲကို အုပ်စုပထမနဲ့ အုပ်စုဒုတိယအသင်းတို့က ယှဉ်ပြိုင်ဆော့ကစားသွားကြဖြစ်ပါတယ်။

ရေဘေးသင့်ဒေသတွေ ပြန်လည်ထူထောင်ရေး ရန်ပုံငွေဘောလုံးပွဲအတွက် အလှူငွေတွေကို ၀၉-၂၆၄၄၂၈၂၈၈ ( Acc Name Kyaw Swar Oo) ၊ ၀၉- ၄၅၀၀၄၃၉၆၅ (  Acc Name Yamin Thu)နဲ့ KBZ Special Acc ၀၄၄၅၁၁၀၆၀၀၂၆၈၁၄၀၁ (  Acc Name Yamin Thu) တို့ကတစ်ဆင့် ဆက်သွယ်လှူဒါန်းနိုင်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *