September 19, 2024

◾️ ယနေ့ထုတ်ပြန်သည့်စာရင်းအရ နှစ်ရက်အတွင်း သေဆုံးသူ ၁၁၃ ဦး ထပ်မံတိုးလာ

၁၆. ၉. ၂၀၂၄
Written by Nyein Kyaw

စက်တင်ဘာလ ၁၆ ရက်(ယနေ့) ညနေ ၄ နာရီအထိ ကောက်ယူရရှိသော စာရင်းများအရ ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သော မြို့နယ် ၅၆ မြို့နယ်မှ ရပ်ကွက်၊ ကျေးရွာတို့တွင် ပြည်သူ ၂၂၆ ဦး သေဆုံးခဲ့ပြီး ၇၇ ဦး ပျောက်ဆုံးနေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)၏ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။

စက်တင်ဘာ ၁၄ ရက်အထိ ရေကြီးရေလျှံမှုကြောင့် သေဆုံးသူဦးရေ ၁၁၃ ဦးအထိသာရှိခဲ့သောကြောင့် စက်တင်ဘာ ၁၆ ရက်တွင် ထုတ်ပြန်သည့်စာရင်းအရ နှစ်ရက်အတွင်း သေဆုံးသူဦးရေ ၁၁၃ ဦး (နှစ်ဆ) ထပ်မံတိုးလာခြင်းဖြစ်သည်။

တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်ခဲ့သော တိုင်ဖွန်းမုန်တိုင်း ရာဂိ၏ အရှိန် နှင့် ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် အနောက်မြောက်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်၏ အရှိန်ကြောင့် နေပြည်တော်ကောင်စီနယ်မြေ၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ် ၅၆ မြို့ နယ်မှ ရပ်ကွက်၊ ကျေးရွာများတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး လမ်း၊ တံတား အချို့ ရေတိုက်စားပျက်စီးခြင်း၊ လူနေအိမ်၊ ရုံး/ဌာနအဆောက်အဦ၊ စာသင်ကျောင်း၊ အခြားအဆောက်အဦများအား ရေဝင်နစ်မြှုပ်ခြင်း၊ ထိခိုက်ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့သည်။

ထို့အပြင် စက်တင်ဘာလ ၁၆ ရက် ညနေ ၄ နာရီအထိ ကောက်ယူရရှိသော စာရင်းများအရ အခြေခံအဆောက်အဦ၊ ကောက်ပဲသီးနှံနှင့် တိရိစ္ဆာန်များ ထိခိုက်ပျက်စီးမှုများအနေဖြင့် ရုံး/ဌာန အဆောက်အဦ ၁၁၇ လုံး၊ စာသင်ကျောင်း ၁၀၄၀ ကျောင်း၊ ဘာသာရေး အဆောက်အဦ ၃၈၆ လုံး၊ လမ်း/တံတားအချို့၊ လျှပ်စစ်မီးတိုင်နှင့် ဆက်သွယ်ရေးတိုင်များ ရေဝင်နစ်မြှုပ်ခြင်း၊ ထိခိုက်ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့သည်။ ထို့အပြင် တိရစ္ဆာန်မျိုးစုံ စုစုပေါင်း ၁၂၈,၃၄၄ ကောင်သေဆုံးခဲ့ပြီး စပါးနှင့် သီးနှံမျိုးစုံစိုက်ဧက ၆၄၃,၀၈၁ ဧက ရေဝင်နစ်မြှုပ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *