September 19, 2024

◾️ ရေဝင်ရေထွက်လမ်းကြောင်းနှင့် ရေကန်များ ကြိုတင်ပြုပြင်ထားမှုကြောင့် နှစ်ရက်အတွင်း မိုရေချိန် ၁၁ လက်မခန့်အထိ ရွာသွန်းခဲ့ချိန် ပုဂံရှေးဟောင်းနယ်မြေအတွင်း ရေကြီးရေလျှံမှုမဖြစ်ပေါ်ခဲ့ဘဲ သာသနာရေး အ‌ဆောက်အဦ ၁၂ ခုသာ အနည်းငယ်ထိခိုက်မှုရှိ

၁၆. ၉. ၂၀၂၄
Written by Nyein Kyaw

မိုခါမုန်တိုင်းဖြစ်ပေါ်ခဲ့စဉ် တွေ့ကြုံခဲ့သည်များကို အတွေ့အကြုံယူ၍ ရေစီးရေလာကောင်းမွန်အောင် ဆောင်ရွက်ခြင်း၊ ရေကန်များပြန်လည်ဖော်ဆောင်ခြင်းတို့ကို ဆောင်ရွက်ခဲ့သဖြင့် ယခုရက်ပိုင်းအတွင်း နိုင်ငံတစ်ဝန်းမိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့စဉ် ညောင်ဦးခရိုင်အနေဖြင့် ထိခိုက်မှုအနည်းငယ်သာရှိခဲ့သည်ကို တွေ့ရှိရကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့တွင် ညောင်ဦးခရိုင်အတွင်းရှိ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

SAC ဥက္ကဋ္ဌသည် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ရှေးဟောင်းရေလှောင်ကန်များ ပြန်လည်ပြုပြင် ဆောင်ရွက်နေမှုများကို သွားရောက်စစ်ဆေးခဲ့ပြီး ပုဂံရှေးဟောင်း၊ မြန်မာမင်းများလက်ထက်ကတည်းက ကျန်စစ်သားမင်းကြီး တည်ဆောက်ခဲ့သည့် မြကန်ရေလှောင်တမံ၊ အရှေ့ဖွားစောကျေးရွာအနီးရှိ ဇေယျဝတီ (ဇေယျဝရီ)ကန်နှင့် အနောက်ဖွားစောကျေးရွာအနီးရှိ မင်္ဂလာကန်အမှတ် (၃) (မွန်းတိမ်းကန်)များအတွင်း ရေဝင်ရောက်မှုအခြေအနေများကို သွားရောက်စစ်ဆေးခဲ့သည်။

ပုဂံရှေးဟောင်းနယ်မြေအတွင်း စက်တင်ဘာ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် မိုးရေချိန် စုစုပေါင်း ၁၀ ဒသမ ၇၁ လက်မအထိ မိုးရွာသွန်းခဲ့သော်လည်း ရေဝင်ရေထွက်လမ်းကြောင်းများ ရှင်းလင်းခြင်းနှင့် ရေကန်များကို ကြိုတင်ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ထားရှိသောကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ခြင်းမရှိဘဲ သတ်မှတ်လမ်းကြောင်းများနှင့် ရေကန်များအတွင်းသို့ စီးဝင်ခဲ့မှု၊ မိုးသည်းထန်စွာရွာသွန်းခဲ့ချိန် သာသနာရေးဆိုင်ရာ အဆောက်အဦ ၁၂ ခုသာ မိုးရေစိမ့်ဝင်မှုကြောင့် အနည်းငယ်ထိခိုက်ပျက်စီးခဲ့ပြီး ရေဝင်ရေဝပ်မှုများကြောင့် ပျက်စီးခဲ့ခြင်းမရှိကြောင်း တာဝန်ရှိသူများက တင်ပြခဲ့ကာ SAC ဥက္ကဋ္ဌက ရေစီးရေလာနှင့် ရေဝင်ရေထွက် ကောင်းမွန်မှုရှိစေရေးတို့ကို အဓိကထား ဆောင်ရွက်ရန်နှင့် အခြားလိုအပ်သည်များကို မှာကြားခဲ့သည်။

ထို့ပြင် စက်တင်ဘာလ ၁၀ ရက်မှစတင်ပြီး နေရာအနှံအပြား မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် နေပြည်တော်အတွင်း တောင်ကုန်းတောင်တန်းများပေါ်မှ ဖြတ်သန်းစီးဆင်းလာသည့် တောင်ကျချောင်းရေများသည် စမုံချောင်း၊ နဝင်းချောင်း၊ ကင်းသာချောင်းတိုနှင့် ၎င်းချောင်းများအားလုံး စုစည်း၍ စီးဝင်ရာဆင်သေချောင်းတစ်လျှောက်တို့၌ တောင်ကျချောင်းရေ အရှိန်အဟုန်ဖြင့် စီးဆင်းခဲ့မှုကြောင့် ရေတိုက်စားရာလမ်းကြောင်းကြီးများ ဖြစ်ပေါ်နေမှုနှင့် ရေပြန်လည်ကျဆင်းသွားပြီးနောက် သဲနုန်းများ၊ အပျက်အစီးများ ဖြစ်ပေါ်ကျန်ရှိနေမှု၊ စိုက်ဧကအများအပြားပျက်စီးခဲ့မှုနှင့် ရေစီးဆင်းရာလမ်းကြောင်းနှင့် နီးစပ်သည့် အချို့သော ကျေးရွာများ ရေဖုံးလွှမ်းခဲ့မှုဖြစ်ပေါ်ခဲ့ပြီး ထိခိုက်ပျက်စီးခဲ့ရမှုအခြေအနေများအား ယနေ့တွင် SAC ဥက္ကဋ္ဌက ရဟတ်ယာဉ်ပေါ်မှ အသေးစိတ်ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရမည့် အခြေအနေများနှင့်ပတ်သက်၍ တာဝန်ရှိသူများကို မှာကြားခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *