September 19, 2024

MT News
၁၆. ၉. ၂၀၂၄

စိတ်ပြောင်းဆေးဝါးနှင့် Happy Water အနည်းငယ်သယ်လာသူကို ဖမ်းမိရာက ရန်ကုန်နှင့် မန္တလေးရှိ မူးယစ်ဖြန့်ဖြူးသူများထံမှ ကျပ် ၂ ဘီလျံခွဲနီးပါးတန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိခဲ့သည်ဟု မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ယခုည ထုတ်ပြန်သည်။

ဖြစ်စဥ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၈ ရက် မွန်းတည့် ၁၂ နာရီအချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၁)ရပ်ကွက်တွင် ကြိုတင် သတင်းရရှိထားသူ ထွန်းထွန်းမြင့်အား စိတ်ပြောင်းဆေးဝါးများဖြစ်သည့် ကက်တမင်း ၁ ကီလို၊ Happy Water ၁၀၅ ဂရမ်နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး သယ်ဆောင်ရောင်းဝယ်ရာ၌ ပူးပေါင်းပါဝင်သူ ဘသာစံ အား ယင်းနေ့ မွန်းလွဲ ၁ နာရီအချိန် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ၄၁(တိုးချဲ့)ရပ်ကွက်တွင် ဆက်လက်ဖမ်းဆီးရမိခဲ့သည်။

တရားခံတို့၏ ဖော်ထုတ်ချက်အရ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၁)ရပ်ကွက်၊ စကားဝါလမ်းရှိ ဖမ်းမိတရားခံ ထွန်းထွန်းမြင့် ၏ နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၉ ဒသမ ၈ သိန်းနှင့် ဘိန်းဖြူ ၅၀ ဂရမ် ဆက်လက်သိမ်းဆည်းရမိခဲ့ကြောင်း၊ ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ စက်တင်ဘာလ ၁၂ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်တွင် လှရွှေ(ခ)အဒူရ်မူန နှင့် ဇော်မင်းနိုင်(ခ)အင်မရန်း တို့ ၂ ဦးအား စိတ်ကြွရူးသွပ်ဆေးပြား ၉ ဒသမ ၂ သိန်းနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ် ၂ ဒသမ ၄၁ ဘီလျံကျော်တန်ဖိုးရှိ ကက်တမင်း ၁ ကီလို၊ Happy Water ၁၀၅ ဂရမ်၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၉ သိန်းနှင့် ဘိန်းဖြူ ၅၀ ဂရမ်တို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်းနှင့် အမှုတွင်ဆက်စပ်ပါဝင်သူများနှင့် ၎င်းတို့ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် ဆက်လက်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *