၁၆. ၉. ၂၀၂၄
Translated by Htwe Ko Tun
ကိုဗစ်-၁၉ ရောဂါ၏ ဗိုင်းရပ်မျိုးကွဲအသစ်တစ်ခုဖြစ်သော XEC ကို ၂၀၂၄ ခုနှစ် ဇွန်လအတွင်းတွင် ဂျာမနီနိုင်ငံ၌စတင်တွေ့ရှိခဲ့ပြီးနောက် ၎င်းရောဂါပိုးက အခြားသော ကမ္ဘာ့နိုင်ငံများသို့လည်း လျင်မြန်စွာ ပျံ့နှံ့လျက်ရှိရာ ယခုအခါတိုက်ကြီးသုံးတိုက်ရှိ နိုင်ငံ ၁၅ နိုင်ငံတွင် XEC ဗိုင်းရပ်ကို တွေ့ရှိနေပြီဖြစ်ကြောင်း သိရသည်။
ကျွမ်းကျင်သူများကလည်း XEC ဗိုင်းရပ်က ကူးစက်မှုအလွန်လျင်မြန်သော ကိုရိုနာဗိုင်းရပ်မျိုးကွဲအသစ် ဖြစ်လာလိမ့်မည်ဟုခန့်မှန်းထားကြသည်။ ၎င်းက ကိုရိုနာဗိုင်းရပ် မျိုးကွဲနှစ်ခုဖြစ်သော KS. 1.1 နှင့် KP. 3.3 တို့ပေါင်းစပ်ဖြစ်ပေါ်လာခြင်းဖြစ်ပြီး အမေရိကန်ရှိ ကျွမ်းကျင်သူများကလည်း XEC က ကိုရိုနာဗိုင်းရပ်မျိုးကွဲများအနက် အဓိကအင်အားကြီး အတွေ့ရများသည့်မျိုးကွဲဖြစ်လာနိုင်ဖွယ်ရှိကြောင်း သုံးသပ်ထားကြသည်။
XEC ဗိုင်းရပ် ကူးစက်ခံရခြင်း၏ ရောဂါလက္ခဏာများမှာ အခြားသောကိုဗစ်-၁၉ ဗိုင်းရပ်များ ကူးစက်ခံရမှုလက္ခဏာများနှင့်ဆင်တူပြီး အအေးမိခြင်းနှင့်တုပ်ကွေးမိခြင်းများဖြစ်တတ်ကြောင်း သိရသည်။ ထို့ ပြင် ၎င်းကူးစက်ခံရသည့်လက္ခဏာများတွင် ခန္ဓာကိုယ်အပူချိန်မြင့်မားခြင်း၊ အဆက်မပြတ်ချောင်းဆိုး ခြင်း၊ အနံ့နှင့်အရသာများမခံစားမသိရှိနိုင်တော့ခြင်း၊ ပင်ပန်းနွမ်းလျမှုဖြစ်ခြင်း၊ အသက်ရှုမဝဖြစ်ခြင်း၊ ပင်ပန်းခြင်း(သို့မဟုတ်) ခြေကုန်လက်ပန်းကျခြင်း၊ ခန္ဓာကိုယ်ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ လည်ချောင်းနာခြင်း၊ နှာခေါင်းပိတ်ခြင်း(သို့မဟုတ်) နှာရည်ယိုရွှဲခြင်း၊ အစာစားလိုစိတ်မရှိခြင်း၊ ဝမ်းသွားခြင်းနှင့် နေမကောင်းဖြစ်ခြင်းစသည်တို့ပါဝင်ကြောင်း သိရသည်။
ကိုဗစ်-၁၉ XEC ဗိုင်းရပ်ကူးစက်မှုမှကာကွယ်နိုင်ရန်အတွက် ကာကွယ်ဆေးထိုးခြင်း၊ ကာကွယ်ဆေးထပ်တိုးအကြိမ်ရေကို ပုံမှန်ထိုးပေးခြင်း၊ လူသူထူထပ်ရာနေရာများသို့သွားလျှင် နှာခေါင်းစည်း မျက်နှာဖုံးစွပ်များဝတ်ဆင်ခြင်း၊ လူအများအပြားစုဝေးမှုကိုရှောင်ကျဉ်ခြင်း၊ အခြားသူများနှင့် အနီးကပ်ထိတွေ့ပြော ဆိုမှုများမပြုလုပ်ခြင်း၊ ပုံမှန်လက်ဆေးခြင်းကဲ့သို့ ရောဂါကာကွယ်ရန် တစ်ကိုယ်ရေနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေးကို ပြုလုပ်ခြင်းနှင့် အကယ်၍ အထက်ပါရောဂါလက္ခဏာအချို့ကို မိမိတွင် တွေ့ရှိပါက ဗိုင်းရပ်ပိုးကို ထပ်မံကူးစက်မှုမဖြစ်စေရန် တစ်ကိုယ်တည်းနေထိုင်ခြင်းတို့ကို ပြုလုပ်သင့်ကြကြောင်း ဆေးပညာရှင်များကပြောကြားထားသည်။
Ref- Economic Times