၂၈. ၁၂. ၂၀၂၂
Written by Pan Ei
ဒီဇင်ဘာ ၂၈ ရက် နံနက်ပိုင်းက မြူထူထပ်စွာ ကျဆင်းမှုကြောင့် တရုတ်နိုင်ငံအလယ်ပိုင်း ကျန်းကျိုးမြို့ရှိ တံတားတစ်စင်းပေါ်၌ ကားအစီးရေ ၂၀၀ ကျော် ဆင့်တိုက်မှု ဖြစ်ပွားခဲ့ပြီး လူတစ်ဦး သေဆုံးခဲ့ကြောင်း ကယ်ဆယ်ရေးသမားများနှင့် နိုင်ငံပိုင် ရုပ်သံဌာန CCTV က သတင်းထုတ်ပြန်ခဲ့သည်။
ဒဏ်ရာရရှိသူအများစုသည် ၎င်းတို့၏ ယာဉ်များအတွင်း ပိတ်မိနေပြီး မီးသတ်ဦးစီးဌာနမှ မီးသတ်ကား ၁၁ စီးနှင့် မီးသတ်ကယ်ဆယ်ရေးဝန်ထမ်း ၆၆ ဦးတို့ကို စေလွှတ်ကူညီခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။
ဗုဒ္ဓဟူးနေ့နံနက်တွင် ကျန်းကျိုးမြို့ အပါအဝင် နေရာအများအပြား၌ မြင်နိုင်စွမ်းမှာ မီတာ ၅၀၀ အောက်သာရှိပြီး အချို့နေရာများမှာ မီတာ ၂၀၀ သာရှိကြောင်း ဒေသဆိုင်ရာ မိုးလေဝသဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။
မြစ်ဝါမြစ်ကို ဖြတ်ကာ ကျန်းကျိုးမြို့နှင့် ရှင်ရှောင်မြို့ကို ဆက်သွယ်ထားသည့် အဆိုပါ တံတားပေါ် တွင် လမ်းကြောင်းနှစ်ဖက်စလုံး၌ သွားနေသည့် ကားများသည် ယာဉ်တိုက်မှုဖြစ်စဉ်၌ ပါဝင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
Ref; Reuters