September 19, 2024

◾️ ဧရာဝတီဘဏ်ကလည်း ကျပ်သိန်းပေါင်းတစ်သောင်း လှူဒါန်းမှုအပြင် AYA Pay များမှ အလှူရှင်နာမည်နှင့်တကွ အခမဲ့ငွေလွှဲလှူဒါန်းနိုင်‌ရန် စီစဉ်ပေးထား

၁၆. ၉. ၂၀၂၄
Written by Nyein Kyaw

ရေကြီးရေလျှံဖြစ်ပွားလျက်ရှိသော သဘာဝဘေးအန္တရာယ်သင့် နေရာဒေသအသီးသီးအတွက် ဘဏ်ခွဲပေါင်း ၁၀၀ ကို အရေးပေါ် ကူညီရန်ဌာနများအဖြစ်သတ်မှတ်ကာ ဘဏ်ခွဲတစ်ခုလျှင် ကျပ်သိန်း ၁,၀၀၀ ဖြင့် ကျပ် ၁၀ ဘီလျံ (ကျပ်သိန်းပေါင်းတစ်သိန်း) မ,တည်၍ ဘဏ်ခွဲအသီးသီးမှ အရာထမ်းဝန်ထမ်းများ၊ မြို့မိမြို့ဖများ ပူးပေါင်း၍ တစ်နိုင်ငံလုံးရှိ ရေဘေးသင့် နေရာဒေသများတွင် အချိန်နှင့်တစ်ပြေးညီထိရောက်စွာ ပံ့ပိုးကူညီနိုင်ရန် ဆောင်ရွက်နေကြောင်း ကမ္ဘောဇဘဏ်လီမိတက်မှ ယနေ့တွင် အသိပေးထုတ်ပြန်ထားသည်။

လှူဒါန်းမှုများအနေဖြင့် အသင့်စားသုံးနိုင်သောအစားအသောက်များ၊ အသင့်စား စည်သွပ်ဘူး၊ ငါးသေတ္တာနှင့် အသားဘူးများ၊ သောက်ရေသန့်ဘူးများ ၊ BPI ဓာတ်ဆားထုပ်များနှင့် လိုအပ်သည့် ဆေးဝါးများ ၊ အသင့်ချုပ်ပြီး ကျားဝတ်ပုဆိုး၊ မ,ဝတ်လုံချည်၊ အဝတ်အထည်များ၊ အမျိုးသမီးလစဉ်သုံးပစ္စည်းများ၊ ခြုံစောင်များကို ရေဘေးဒဏ်ပြင်းထန်မှု အဆိုးရွားဆုံး ခံစားရသည့် နေရာဒေသများဖြစ်သော အောင်ပန်း၊ ကလော၊ ရွှေညောင်၊ ညောင်ရွှေနှင့် အင်းလေး၊ တပ်ကုန်း၊ ရမည်းသင်း ၊ ပျော်ဘွယ် အစရှိသော နေရာအသီးသီးအထိ ကားကြီးများဖြင့် အရောက်အမြန်ဆုံး ပေးပို့ဖြန့်ဝေ လှူဒါန်းလျက်ရှိကြောင်း ဖော်ပြထားသည်။

ချက်ပြုတ်စားသောက်ရန် ခက်ခဲသောမြို့ရွာများတွင်လည်း ထမင်းချက်စခန်းများကို မဏ္ဍပ်များထိုး၍ နံနက်စာ၊ နေ့လယ်စာ၊ ညစာများ ချက်ပြုတ်ပေးဝေခြင်း၊ ရေဘေးဒဏ်ခံရသော ကျေးရွာများအတွက်လည်း ၄င်းရွာနှင့် နီးစပ်သော ရေလွတ်သော ကျေးရွာများသို့ KBZ Pay မှတစ်ဆင့် ငွေလွှဲ၍ နံနက်စာ၊ နေ့လယ်စာ၊ ညစာများ ချက်ပြုတ်ပေးဝေလျက်ရှိသည်။

အလားတူ ဧရာဝတီဘဏ်အနေနှင့် ရာဂီမုန်တိုင်းကြောင့် ရေဘေးဖြစ်ပေါ်ခဲ့သည့် တောင်ငူ၊ နေပြည်တော်၊ တပ်ကုန်း၊ ရမည်းသင်း၊ ကျောက်ဆည်၊ မြို့များ၏ ရေဘေးသင့်ဒေသများမှ ရေဘေးသင့်ပြည်သူများတွင် လတ်တလော အရေးပေါ်လိုအပ်လျက်ရှိသည့် စုစုပေါင်း ကျပ်သိန်းတစ်သောင်း တန်ဖိုးရှိ အစားအသောက် ရိက္ခာခြောက်များ၊ ဆန်၊ ဆီ၊ ငွေသား၊ ဆေးဝါး၊ ရေသန့်အပါအဝင် အဝတ်အထည်နှင့် အသုံးအဆောင် ပစ္စည်းများကို သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

ထို့ပြင် ဧရာဝတီဘဏ်၏ “လက်တွဲကူညီ ဧရာဝတီ” အစီအစဉ်တွင်လည်း ပြည်တွင်းပြည်ပမှ ဧရာဝတီဘဏ် သုံးစွဲသူများအနေနဲ့ AYA Mobile Banking ၏ Bill Payment မှတစ်ဆင့်  Charity & Organization တွင် AYA Helping Hands ကို ရွေးချယ်ပြီး အလှူရှင်အမည်နှင့် ဖုန်းနံပါတ်ထည့်ပြီး ဝန်ဆောင်ခ “အခမဲ့” ဖြင့် လှူဒါန်းနိုင်ပြီး AYA Pay Mobile Wallet ၏ Pay Bills မှတစ်ဆင့်လည်းကောင်း၊ ဖော်ပြပါ QR မှတစ်ဆင့်လည်းကောင်း AYA Helping Hands တွင် ဝင်ရောက်ပြီး ဝန်ဆောင်ခ “အခမဲ့” ဖြင့် လှူဒါန်းနိုင်ကြောင်း အသိပေးထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *