၃. ၁၀. ၂၀၂၂
MT News
အမေရိကန်ဒေါ်လာနှင့် ရွှေဈေးနှုန်းအတက်အကျကြမ်းနေသဖြင့် ပြည်တွင်းမတ်ပဲဈေးနှုန်း အတက်အကျကြမ်းနေကြောင်း မြန်မာနိုင်ငံပဲနှင့် နှမ်းကုန်သည်လုပ်ငန်းရှင်များအသင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၏ အဓိကဝယ်လက်နိုင်ငံများဖြစ်သည့် တရုတ်နှင့် အိန္ဒိယနိုင်ငံများတွင် မိုးစိုက်မတ်ပဲများ ဈေးကွက်ထဲဝင်ရောက်နေပြီး ဈေးနှုန်းမြင့်တက်မှုမရှိပဲ ဈေးတည်ငြိမ်နေကြောင်း အဆိုပါတာဝန်ရှိသူကပြောသည်။
“ပြည်တွင်းက မတ်ပဲဈေးနှုန်းကတော့ ရွှေဈေးနဲ့ဒေါ်လာဈေးပေါ်လိုက်ပြီး အတက်လည်းကြမ်းသလို အကျလည်းကြမ်းနေတယ်။ နေ့စဉ် ဒေါ်လာဈေး ရွှေဈေးတွေနဲ့ချိန်ထိုးကြည့်လိုက်ရင် တစ်နေ့တစ်မျိုးဖြစ်နေတာပါ။ ဒါက ရေတိုဖြစ်နေတဲ့ ကိစ္စပါ။ ရေရှည်ကိုတော့ ဘယ်သူမှ ခန့်မှန်းလို့မရသေးပါဘူး။ ပြီးခဲ့တဲ့နှစ်တွေက ဈေးနှုန်းတွေကိုကြည့်ပြီး ပြန်တွက်လို့လည်း မရဘူး။ နောက်တစ်ချက်က ပို့ကုန်မူဝါဒတွေကပြောင်းနေတော့ ဘယ်လိုမှခန့်မှန်းလိုမရဘူး” ဟု ၎င်းကပြောသည်။
ပြီးခဲ့သည့်နှစ် စက်တင်ဘာလကုန်တွင် ပြည်တွင်းမတ်ပဲတစ်တင်းဈေးနှုန်း ကျပ် ၆၇၀၀၀ အထိဈေးရခဲ့ပြီး ယခုနှစ် စက်တင်ဘာလကုန်တွင် ကျပ် ၆၄၅၀၀ သာဈေးနှုန်းရှိခဲ့ကြောင်း သိရသည်။
တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သည့် ဈေးနှုန်းများအရ စက်တင်ဘာ ၂၄ တွင် တစ်တင်းလျှင် ကျပ် ၆၆၁၀၀၊ စက်တင်ဘာ ၂၆ ရက်တွင်တစ်တင်းလျှင် ကျပ်၆၅၅၀၀ နှင့် စက်တင်ဘာ ၃၀ တွင် တစ်တင်းလျှင် ကျပ် ၆၄၅၀၀ ရှိခဲ့ကြောင်း ကုန်သွယ်မှုမြင့်တင်ရေးအဖွဲ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ယခုနှစ်အတွင်း ပြည်ပသို့ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံပိုကုန်များ တင်ပို့ရောင်းချခြင်းကို ကန့်သတ်ခဲ့သဖြင့် ပြည်တွင်းမတ်ပဲဈေးနှုန်းကျဆင်းခဲ့ရပြီး ပြီးခဲ့သည့်လက ပိုကုန်များတင်ပိုရောင်းချခွင့်ပြန်ပြုလိုက်ခြင်းကြောင့် မတ်ပဲဈေးနှုန်းပြန်လည်မြင့်တက်ခဲ့ကြောင်း ပို့ကုန်လုပ်ငန်းရှင်တစ်ဦးကပြောသည်။
လွန်ခဲ့သည့် သြဂုတ်လကုန်တွင် မြန်မာနိုင်ငံ၏ အဓိကဝယ်လက်နိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံတွင် ပြည်တွင်းစိုက်မတ်ပဲအသစ်များ ဈေးကွက်ထဲ ပြန်လည်ဝင်ရောက်လာပြီး မတ်ပဲအသစ် ၁ ကွမ်တယ်လျှင် ရူပီး ၁၀၀ ဈေးတက်လာကြောင်း သိရသည်။
မြန်မာမတ်ပဲ FAQ တစ်တန်လျှင် FOB ဈေးနှုန်း အမေရိကန်ဒေါ်လာ ၇၇၅ မှ ၇၈၀ ဒေါ်လာအထိရှိနေပြီး မတ်ပဲ SQ တစ်တန်လျှင် FOB ဈေးနှုန်း အမေရိကန်ဒေါ်လာ ၉၃၀ ဒေါ်လာရှိနေကြောင်း မတ်ပဲတင်ပို့ရောင်းချသည့် လုပ်ငန်းရှင်အသိုင်းအဝိုင်းမှ ပြောသည်။