September 19, 2024

၁၆.၉.၂၀၂၄
Written By Thandar

သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းပုံစံ “ချစ်ရူးမလေး” ရုပ်သံဇာတ်လမ်းတွဲ Media Show ကို ယနေ့ စက်တင်ဘာ ၁၆ ရက် နံနက် ၉ နာရီက ရန်ကုန်မြို့၊ ပြည်လမ်းရှိ My Garden Restaurant မှာ ကျင်းပခဲ့ပါတယ်။

“ချစ်ရူးမလေးဆိုရင် ကျွန်တော်က ရာဇသံ နေရာကပါဝင်ထားပါတယ်။ ငယ်ဘဝ ဆိုးခဲ့မိုက်ခဲ့ပြီးတော့ ကြီးတော့လည်း ဆိုးထားပါတယ်။ ဒီဇာတ်လမ်းလေးက မင်းသမီးသစ်လေးဖြစ်တဲ့ သရုပ်ဆောင် ရွှေယမင်းနွယ်ရဲ့ ဇာတ်လေးပါ။ ဒီဇာတ်လေးမှာ ကိုယ့်သမီးအရွယ်လောက်ရှိတဲ့သူကို လိုက်ကြိုက်တဲ့သူပေါ့။ ပြောရရင် ဦးနဲ့ ကလေးဇာတ်ပေါ့နော်”လို့ သရုပ်ဆောင် ကျော်ထက်အောင်က ပြောပါတယ်။

တော်ဝင်မင်းသားထုတ်လုပ်ရေးက လရောင်ကျူးရင့်ရဲ့ ဝတ္ထုကို ဇာတ်ညွှန်း နေခြည်အောင်သစ်က ရေးသားပြီး ဒါရိုက်တာ နေပိုင်က သရုပ်ဆောင် ကျော်ထက်အောင်၊ ဘုန်းမင်းနေလ၊ ဆုမြတ်နိုးဦး၊ ရွှေယမင်းနွယ်၊ ဦးထူးသာ၊ အေးသီတာ၊ အိရွှန်းမဒီ၊ ပိုးဂျူလိုင်ထွဋ်၊ ရှင်းသီရိသူ၊ ကလေးသရုပ်ဆောင် SKY၊ ဧကရီမော် အပါအဝင် သရုပ်ဆောင်များစွာနဲ့ ရိုက်ကူးထားပါတယ်။

“ဒီဇာတ်ကားမှာ ရွှေပခြုပ်ဆိုတဲ့ ကောင်မလေးနေရာက ပါဝင်ထားပါတယ်။ ချစ်ရူးမလေးဆိုတဲ့အတိုင်း လူငယ်ဆန်ဆန် မိန်းကလေးတစ်ယောက်က အရူးအမူးအချစ်ကို ချစ်မိတယ်ဆိုတဲ့ ဇာတ်လေးပါ။ ဇာတ်ဝင်တေးကိုလည်း ကိုယ်တိုင် သီဆိုထားတာပါ။ အိမ်က မိဘတွေက ထုတ်လုပ်သူဆိုတော့ ညီမအနေနဲ့ ကျော်ထက်အောင်တို့က ငယ်ငယ်ထဲက ရင်နှီးခဲ့တဲ့ သူတွေလည်း ဖြစ်တယ်။ ကိုယ်က အနုပညာအပေါ်မှာ ရူးသွပ်တဲ့သူဆိုတော့လေ။ မိဘက ကိုယ်တိုင်လုပ်ဆောင်နိုင်မှပဲ လုပ်ဆောင်ခွင့်ပေးခဲ့တာပါ။ ကာရိုက်တာကို ပီပြင်အောင် မလုပ်ဆောင်နိုင်ဘူးဆိုရင် ဖေဖေကရိုက်ခွင့်မပြုဘူးဆိုတော့ ညီမကပိုပြီး ကြိုးစားခဲ့တာပါ” လို့ သရုပ်ဆောင်သစ် ရွှေယမင်းနွယ်ကပြောပါတယ်။

အပိုင်း ၁၀ ပိုင်းပါဝင်တဲ့ သုံးပွင်ဆိုင် အချစ်ဇာတ်လမ်းပုံစံ “ချစ်ရူးမလေး” ဇာတ်လမ်းတွဲကို စက်တင်ဘာလ ၁၉ ရက်ကစပြီး Fortune TV မှာ တနင်္လာနေ့ကနေ သောကြာနေ့အထိ ညစဉ် ၈နာရီ မှာထုတ်လွှင့်ပြသမှာဖြစ်သလို စက်တင်ဘာလ ၂၀ ရက်နေ့မှာတော့ @Arr Man Entertainment (You tube)က ပြန်လည်ပြသမယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *