September 20, 2024

၁၆.၉. ၂၀၂၄
Written by Shwe Phyo

မြန်မာနိုင်ငံသည် ရုရှား၊ တရုတ်နှင့် အိန္ဒိယနိုင်ငံတို့ ဦးဆောင်ဖွဲ့စည်းထားသည့် BRICS အဖွဲ့တွင် လေ့လာသူနိုင်ငံအဖြစ် ပါဝင်ခွင့်ရရှိရန် စိတ်ဝင်စားနေကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ရုရှားနိုင်ငံအခြေစိုက်မီဒီယာတစ်ခုနှင့်တွေ့ဆုံချိန်အတွင်း ပြောဆိုခဲ့ကြောင်း သိရသည်။

ဝန်ကြီးဦးမောင်မောင်အုန်းက “မြန်မာနိုင်ငံဟာ တင်းပြည့်အဖွဲ့ဝင်နိုင်ငံမဟုတ်သေးဘဲ လေ့လာခွင့်ရတဲ့ နိုင်ငံအဖြစ် ပူးပေါင်းဆောင်ရွက်မှုတွေလုပ်ဖို့ စီစဉ်နေတယ်” ဟု ရုရှားသတင်းဌာနနှင့်တွေ့ဆုံချိန်အတွင်း ပြောဆိုခဲ့သည်။

မြန်မာအစိုးရတာဝန်ရှိသူများသည် ရုရှားနိုင်ငံ၊ ကာဇန်မြို့တွင်ကျင်းပမည့် BRICS အဖွဲ့ ထိပ်သီးအစည်းအဝေးကို တက်ရောက်ရန် တရားဝင်ဖိတ်ကြားခွင့်များ မရရှိသေးသော်လည်း တက်ရောက်ပါဝင်ခွင့်ရရှိရန် စိတ်ဝင်စားနေကြောင်း သိရသည်။

ဝန်ကြီးဦးမောင်မောင်အုန်းက “အနာဂတ်မှာတော့ မြန်မာနိုင်ငံဟာ BRICS အဖွဲရဲ့တင်းပြည့်အဖွဲ့ဝင်နိုင်ငံအဖြစ် ပူးပေါင်းပါဝင်ခွင့်ရအောင် လျှောက်ထားမယ်။ အရှေ့တောင်အာရှနိုင်ငံတွေအပါအဝင် ဒေသအတွင်းရှိ နိုင်ငံအများအပြားဟာ BRICS အဖွဲ့မှာ ပူးပေါင်းပါဝင်ဖို့ လျှောက်ထားခဲ့တယ်။ကျွန်တော်တို့ဟာ BRICS အဖွဲ့မှာ ပူးပေါင်းပါဝင်ဖို့ လျှောက်ထားဖို့ လိုလားပါတယ်”ဟုပြောသည်။

BRICS Media Summit ထိပ်သီးအစည်းအဝေးကို လက်ရှိအချိန်တွင် ကျင်းပနေပြီး နိုင်ငံပေါင်း ၄၅ နိုင်ငံမှ သတင်းမီဒီယာဌာနပေါင်း အနည်းဆုံး ၆၀ ကျော် တက်ရောက်ခဲ့ကြောင်းသိရသည်။ ရုရှားနိုင်ငံသည် ၂၀၂၄ခုနှစ်အတွင်း BRICS အဖွဲ့၏ ဥက္ကဋ္ဌအဖြစ်တာဝန်ယူနေရာ အဖွဲ့၏ ထိပ်သီးအစည်းအဝေးများကို အိမ်ရှင်အဖြစ်လက်ခံကျင်းပမည်ဖြစ်ကြောင်း သိရသည်။

REF , TASS

Leave a Reply

Your email address will not be published. Required fields are marked *