၂၈. ၁၂. ၂၀၂၂
Translated by Htwe Ko Tun
ထိုင်းနိုင်ငံအရှေ့ဘက်ပင်လယ်ကမ်းခြေ စိမ်းပြာရောင် ပင်လယ်ရေမျက်နှာပြင်အောက်တွင်ရှိသော သန္တာကျောက်တန်းများမှာ ၎င်းတို့ကို ပျက်စီးစေမည့်ရောဂါတစ်မျိုး လျင်မြန်စွာပျံ့နှံဖြစ်ပွားမှုကို ခံနေရကြောင်းနှင့် ရာသီဥတုပြောင်းလဲမှုကြောင့် ရေအောက်သန္တာကျောက်တန်းများသေစေမည့် ထိုရောဂါက ပို၍ဆိုးဝါးလာနိုင်သဖြင့် စိုးရိမ်ဖွယ်ဖြစ်ကြောင်း သိပ္ပံပညာရှင်များက ပြောကြားခဲ့သည်။
ရေအောက်သန္တာကျောက်တန်းများကို ဖျက်ဆီးခြင်းမပြုမီ အဝါရောင်သို့ ပြောင်းလဲစေသည်ကိုအစွဲပြု၍ ထိုရောဂါကို Yellow-Band Disease ဟုခေါ်ဝေါ်ကြကြောင်းလည်းသိရသည်။ Yellow-Band Disease ကို ဆယ်စုနှစ်များအလွန်က ကာရေဘီယံ ပင်လယ်ကမ်းခြေဒေသတွင် စတင်တွေ့ရှိခဲ့ကာ ထိုဒေသရှိ သန္တာကျောက်တန်းများကို ဆိုးရွားစွာပျက်စီးစေခဲ့ကြောင်းလည်း သိရသည်။ သို့သော် ထိုရောဂါကို ကုသရန်နည်းလမ်းမတွေ့သေးဟုဆိုသည်။
ထိုင်းနိုင်ငံအရှေ့ဘက်ပင်လယ်ကမ်းခြေ၊ ကမ္ဘာလှည့်ခရီးသွားများ လာရောက်လည်ပတ်လေ့ရှိသည့် ပတ္တရားမြို့ အနီးတွင်မူ ၂၀၂၁ ခုနှစ်တွင် စတင်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ယခုအခါ ထိုရောဂါက ပင်လယ်ရေပြင်တွင် ဧက ၆၀၀(ဟက်တာ ၂၄၀ ခန့်) ပျံ့နှံ့ဖြစ်ပွားပြီးဖြစ်သည်ဟုလည်းဆိုသည်။
ထိုင်းနိုင်ငံပင်လယ် ရေကြောင်းနှင့် ကမ်းခြေအရင်းအမြစ်များဦးစီးဌာနမှ ရေကြောင်းသိပ္ပံပညာရှင်တစ်ဦးဖြစ်သော လာလီတာ ပူချင်က ယခုအခါသွားရောက်သည့်နေရာတိုင်းမှာပင် တွေ့ရလောက်အောင် ထိုရောဂါက ကူးစက်ဖြစ်ပွားလာခဲ့ကြောင်း၊ နောင် ဆက်လက်၍ ပျံ့နှံ့ဖြစ်ပွားလိမ့်အုံးမည်ဟု မျှော်လင့်ကြောင်းပြောခဲ့သည်။ Yellow-Band Disease ရောဂါကူးစက်ဖြစ်ပွားပြီဆိုလျှင် ထိုသန္တာကျောက်တန်းမှာ ပြန်ကောင်းလာတော့မည်မဟုတ်ဘဲ ပျက်စီးရန်သာရှိ ကြောင်းသိရသည်။
သိပ္ပံပညာရှင်များက ငါးအလွန်အကျွံဖမ်းခြင်း၊ လေထုညစ်ညမ်းခြင်းနှင့် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကြောင့် ပင်လယ်ရေမျက်နှာပြင်အပူချိန်မြင့်တက်လာခြင်းတို့က သန္တာကျောက်တန်းများကို Yellow-Band Disease ရောဂါအား လွယ်ကူစွာကူးစက်စေနိုင်ခြင်းဟု ယုံကြည်ထားကြသည်။
ထိုင်းနိုင်ငံတွင်ဆိုလျှင် အဆိုပါဒေသက ဒေသအတွင်း သဘာဝအလှများ၊ အထူးသဖြင့် ရေအောက်သန္တာကျောက်တန်းများ၏အလှဖြင့် ကမ္ဘာလှည့်ခရီးသွားများကြီးမားစွာ လာရောက်လည်ပတ်ရန် ဆွဲဆောင်ထားသော နေရာလည်းဖြစ်ရာ သန္တာကျောက်တန်းများ ပျက်စီးဆုံးရှုံးခြင်းက ထိုနယ်မြေဒေသအတွင်း အသက်မွေးဝမ်းကြောင်းမှုများစွာကို ထိခိုက်စေမည်ဟုယုံကြည်ကြသည်။
ထိုမျှမကသေး သန္တာကျောက်တန်းများ ပျက်စီးဆုံးရှုံးခြင်းက ဂေဟစနစ်ကို ဆိုးရွားသောသက်ရောက်မှုများ ဖြစ်လာနိုင်စေသည်သာမက နောက်ဆုံးတွင် လူသားတို့ကိုပါ ကြီးမားသော ဆိုးကျိုးဖြစ်လာစေမည်ဖြစ်သည်။
Ref-Bangkok Post