September 20, 2024

၁၆. ၉. ၂၀၂၄
Written by Tha Doe

ထိုင်းနိုင်ငံကိုသွားပြီးထိုးသတ်ကြတဲ့ မြန်မာ့ရိုးရာကျားတွေဟာ စိုးလင်းဦး၊ သန့်ဇင်၊ မိုးထက်အောင်တို့လို မြန်မာပရိသတ်ဂုဏ်ယူရလောက်အောင် ပြိုင်ဘက်တိုင်းကို အနိုင်ယူနိုင်ခဲ့တဲ့ ဖိုက်တာတွေရှိသလို ထွန်းမင်းနိုင်၊ ထွန်းမင်းအောင်၊ မင်းရဲကျော်စွာတို့လို နိုင်တစ်လှည့်ရှုံးတစ်လှည်ဖိုက်တာတွေလည်းရှိပေမဲ့ မြန်မာပရိသတ်တွေအဖို့ ဘယ်တော့မှ မေ့လို့ရမှာမဟုတ်တဲ့ အထိအနာဆုံးရှုံးပွဲကတော့ မြန်မာ့ချန်ပီယံသွေးသစ်ဝင်းလှိုင်ရဲ့ ရှုံးပွဲပါ။

မြန်မာ့ချန်ပီယံတစ်ဦးမို့ One ကို ထွက်ထိုးချိန်မှာ အသက်အရွယ်အရလည်း အကောင်းဆုံးနဲ့ ပညာအစုံဆုံး၊ အမှတ်ပေးကစားကွက်မှာ အံအဝင်ဆုံးလို့ ယူဆခံထားရတဲ့ သွေးအေးကျားဟာ ပရိသတ်တွေအကြား အမြင့်ဆုံး မျှော်လင့်ခံရပေမဲ့ အဖွင့်ပွဲမှာတင် အဆိုးဆုံး ရလဒ်ထွက်ခဲ့ပြီး One စင်မြင့်ပေါ်မှာ ဖွဲအိတ်ကြီးလိုကို အထိုးခံခဲ့ရတာပါ။

အားလုံးပဲ မျက်စိထဲမြင်နေဦးမယ့် မြင်ကွင်းတချို့ပြန်ပြောရမယ်ဆိုရင် သွေးသစ်ဝင်းလှိုင်ဟာ အလုံးအရပ်အလွန်သာနေတဲ့ ထိုင်းဖိုက်တာ ခွန်ဆုတ်ရဲ့ခုန်ပြီး ဒူးတိုက်ချက်တွေ၊ နားအုံဖြတ်အကန်ခံရတဲ့ကန်ချက်တွေ၊ ဘယ်ညာတွဲလုံးတွေ၊ လက်ညှိုးထိုးပြီး အရှုံးပေးခိုင်းနေတဲ့ ခွန်ဆုတ်ရဲ့ပုံရိပ်တွေဟာ ရိုးရာချစ်ပရိသတ်တွေအဖို့ မချိတင်ကဲ မြင်ကွင်းတွေဖြစ်သလို သွေးသစ်ကိုယ်တိုင်လည်း မြန်မာ့ချန်ပီယံမို့ အလဲထိုးအရှုံးမခံနိုင်ဘူးဆိုတဲ့ စိတ်မာန်လေးတစ်ခုကယ်လို့သာ အလဲထိုးမရှုံးခဲ့တာပါ။

ဒီအရှုံးကနေ ပြန်နိုးထမဲ့လမ်းစတစ်ခုအဖြစ်တော့ သွေးသစ်ဝင်းလှိုင်ဟာ လာမယ့်သောကြာနေ့ ONE Friday Fights 80 ပြိုင်ပွဲမှာ ဥဇဘက်ကစ္စတန် ဖိုက်တာ Mavlonbek Kakhkhorov နဲ့ တွေ့ရမှာပါ။

Mavlonbek Kakhkhorov ဟာ ONE Friday Fights ပြိုင်ပွဲမှာ တူရကီဖိုက်တာ ဖာ့ခ်ဟန်နဲ့ တစ်ကြိမ်ပွဲတည်ပေးပြီး နှစ်ယောက်စလုံး ဝိတ်ချိန်၊ မျက်နှာချင်းဆိုင်ပြီးလို့ ထိုးတော့မဲ့အချိန်မှ ပြိုင်ဘက်က နေမကောင်းဖြစ်လို့ ပွဲပျက်ထားတာပြီးဖြစ်ပြီး ခါ့ခ်ဟိုရော့ဗ်က အသက် ၃၇ နှစ်ရှိပြီး အရပ်က ၅ ပေ ၁၀ လက်မပါ။

သွေးသစ်ဝင်းလှိုင်က အသက် ၂၉ နှစ်၊ အရပ်အမြင့် ၅ ပေ ၇ လက်မမို့လို့ ပြိုင်ဘက်က ရုပ်ပိုင်းဆိုင်ရာသာလွန်သူထပ်ဖြစ်နေပေမဲ့ အကျပိုင်းရောက်နေတဲ့ ၃၇ နှစ်သားဖြစ်တာ၊ ထိုင်းနိုင်ငံသားမဟုတ်တာကြောင့် သွေးသစ်အဖို့တော့ ခွန်ဆုတ်နဲ့ပွဲလို ခက်ခဲဖွယ် မရှိပါဘူး။

ခက်ခဲမယ့် ပြိုင်ဘက်ဖြစ်ဦးတော့ ဒီတစ်ကြိမ်မှာ သွေးသစ်ဝင်းလှိုင်ဟာ ခွန်ဆုတ်နဲ့ပွဲမှာ ဖွဲအိတ်လိုဖြစ်ခဲ့တာ ပြန်ပြီးသိက္ခာတည်ဆောက်ဖို့၊ မြန်မာ့ချန်ပီယံဆိုတဲ့ ဂုဏ်ကို ပွန်းပဲ့မခံဖို့၊ ခါ့ခ်ခိုရော့ဗ်ကို အလဲထိုးဖို့ရည်မှန်းချက်နဲ့ အကောင်းဆုံးထိုးသတ်ပြီး ဆုကြေးဘတ် ၃၅၀၀၀၀ ပါ သိမ်းပိုက်ပြနိုင်မှ မြန်မာ့ချန်ပီယံ တကယ်မညံ့ကြောင်း ပြနိုင်မှာပါ။ ဒီလိုသက်သေပြဖို့အတွက်လည်း ခါ့ခ်ဟိုရော့ဗ်ရဲ့ ထိုးသတ်ပုံလေ့လာထားဖို့လိုသလို ပွဲအတွင်းမှာလည်း ပြိုင်ဘက်ရဲ့ထိုးသတ်ပုံအလိုက် ဗျုဟာပြောင်းတာမျိုးလုပ်ရမှာဖြစ်ပြီး ခွန်ဆုတ်နဲ့ပွဲတုန်းကလို ခွာပေးတော့ ခြေကန်ချက်မိ၊ ဝင်ပူးတော့ တံတောင်စာ၊ ဒူးစာမိတာမျိုး ထပ်ဖြစ်လို့မရလို့ ဖြစ်တဲ့နည်းနဲ့ ခါခ်ဟိုရော့ဗ်ကို အလဲထိုးအနိုင်ယူပြီး ကျထားတဲ့ မြန်မာ့သိက္ခာ ပြန်ဆယ်လာခဲ့ပါလို့ပဲ….။

Leave a Reply

Your email address will not be published. Required fields are marked *