September 20, 2024

၁၆. ၉. ၂၀၂၄
Translated by Htwe Ko Tun

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့်က ဖလော်ရီဒါပြည်နယ်ဂေါက်ကွင်းတွင် စက်တင်ဘာလ ၁၅ ရက် မွန်းလွဲပိုင်းက ဂေါက်သီးရိုက်ကစားနေစဉ် ရိုင်ဖယ်သေနတ်တစ်လက်ကိုင်ဆောင်ထားသော ထရန့်အားလုပ်ကြံရန်ကြိုးစားသူဟုယူဆရသူတစ်ဦးနှင့် လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့ဝင်များ တွေ့ခဲ့ကြရာတွင် အဆိုပါသံသယရှိရသူအား ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။

ဖြစ်ရပ်တွင် သမ္မတဟောင်းဒေါ်နယ်ထရန့်မှာ တစ်စုံတစ်ရာထိခိုက်မှုမရှိဘဲ ဘေးအန္တရာယ်ကင်းခဲ့ကြောင်းလည်း သိရသည်။ ထရန့်အားလုပ်ကြံရန်ကြိုးစားသူက ထွက်ပြေးရန်ကြိုးစားခဲ့သော်လည်း ၎င်းအား ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုစုံစမ်းထောက်လှမ်းရေးဗျူရို(FBI) နှင့် လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့တို့က အဆိုပါဖြစ်ရပ်အား ဆက်လက်စုံစမ်းစစ်ဆေးနေပြီး ၎င်းက သမ္မတဟောင်းအားလုပ်ကြံရန် ကြိုးစားမှုတစ်ရပ်လည်းဖြစ်ကြောင်း FBI က ပြောခဲ့သည်။

ဖမ်းဆီးရမိသူက အသက် ၅၈ နှစ်ရှိ Ryan Wesley Routh ဆိုသူဖြစ်ကြောင်း သိရသည်။ ၎င်းက ချုံများအတွင်းမှ ခုန်ထွက်ကာ အနက်ရောင်နစ်ဆန်းကားတစ်စီးနှင့် ထွက်ပြေးရန်ကြိုးစားသည်တွင် တွေ့ရှိသူတစ်ဦးက ကား၏နံပါတ်ကို ဓာတ်ပုံရိုက်ယူထားလိုက်နိုင်သည်ဟု ဆိုသည်။ သို့သော် မိုင် ၅၀ ခန့်အကွာ မာတင်ခရိုင်အတွင်းတွင် ၎င်းအား ဖမ်းဆီးရမိခဲ့ခြင်းလည်း ဖြစ်သည်။ တရားဥပဒေစိုးမိုးရေးအဖွဲ့များက ၎င်းထံမှ AK-47 ရိုင်ဖယ်တစ်လက်၊ ကျောပိုးအိတ်နှစ်လုံးနှင့် GoPro ကင်မရာတစ်လုံးတို့ကိုပါ သိမ်းဆည်းရမိခဲ့သည်။

လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့ဝင်များက ထိုသူအား ထရန့်နှင့် ကိုက် ၃၀၀ မှ ၅၀၀ ခန့်အကွာတွင် သေနတ်နှင့်အတူ စတင်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ထိုသူအား ပစ်ခတ်မှုများပြုခဲ့ရာတွင် ၎င်းက ချုံပုတ်များအတွင်းမှထွက်ပြေးကာ ကားနှင့်အတူ ထွက်ပြေးခဲ့ခြင်းဟု သိရသည်။ သို့သော် ၎င်းက ပြန်လှန်ပစ်ခတ်ခြင်းများပြုလုပ်ခြင်းရှိမရှိ သဲကွဲစွာမသိရပေ။

စုံစမ်းတွေ့ရှိချက်မှတ်တမ်းများအရ ဖမ်းဆီးရမိသူ Ryan Wesley Routh က ဟာဝိုင်အီတွင် နောက်ဆုံးအနေဖြင့် အများဆုံးနေခဲ့သည်ဟုဆိုသည်။ ၎င်းက Camp Box Honolulu ခေါ် ကုန်ပစ္စည်းအတင်အချ အဆောက်အအုံကုမ္ပဏီတစ်ခုကိုလည်းပိုင်ဆိုင်ကာ ၂၀၀၂ ခုနှစ်တွင် လူအများအပြားသေစေနိုင်သော လက်နက်ပိုင်ဆိုင်မှုဖြင့် တရားစွဲခံခဲ့ရသည်။ ထို့ပြင် အခြားအသေးအမွှားပြစ်မှုများဖြင့်လည်း တရားစွဲခံခဲ့ရသူဟု စုံစမ်းတွေ့ရှိရသည်။

၎င်း၏ X လူမှုကွန်ရက် အကောင့်အား ထရန့်နှင့်ပတ်သက်၍ ရေးသားထားမှုများတွေ့ရှိရပြီးနောက် ပိတ်ခဲ့ကြောင်း တွေ့ရသည်။ ထို့ပြင် ၎င်းက ယူကရိန်းစစ်ပွဲနှင့်ပတ်သက်၍လည်း Facebook တွင် ရေးသားမှုများပြုခဲ့ရာ ရုရှားသမ္မတ ပူတင်ကိုလည်း အကြမ်းဖက်သမားအဖြစ် ရေးသားထားသည်။ ထို့ပြင် ပါလက်စတိုင်းထောက်ခံရေး၊ အစ္စရေးဆန့်ကျင်ရေး၊ တရုတ်ဆန့်ကျင်ရေးပို့စ်များကိုလည်း တွေ့ခဲ့ရသည်။

ဒေါ်နယ်ထရန့်ကို ပထမအကြိမ်လုပ်ကြံရန်ကြိုးစားမှုမှာ ပြီးခဲ့သည့်ဇူလိုင် ၁၃ ရက်က ပန်ဆယ်ဗေးနီးယားပြည်နယ် ဘတ္တလာမြို့တွင် မဲဆွယ်မိန့်ခွန်းပြောနေစဥ် ပစ်ခတ်ခံရခြင်းဖြစ်ပြီး နားရွက်သို့ ကျည်ရှပ်ထိခဲ့သော်လည်း အသက်ဘေးမှ လွတ်မြောက်ခဲ့သည်။

နိုဝင်ဘာလတွင်ကျင်းပမည့် သမ္မတရွေးကောက်ပွဲမတိုင်မီ ၎င်းအားလုပ်ကြံရန်ကြိုးစားမှု နှစ်ကြိမ်စလုံးမှ လွတ်မြောက်ခဲ့သော သမ္မတဟောင်းထရန့်က ဤဖြစ်ရပ်တွင် လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့ဝင်များနှင့် အခြားသောတရားဥပဒေစိုးမိုးရေးအဖွဲ့များမှ တာဝန်ရှိသူများအား ကျေးဇူးတင်ကြောင်း စက်တင်ဘာလ ၁၅ ရက်ကပြောခဲ့သည်။

Ref-CBS

Leave a Reply

Your email address will not be published. Required fields are marked *