September 20, 2024

၁၆ ၉. ၂၀၂၄
Written by Nay Moe

ဘုရားဖူးတွေ ရဟန်းသံဃာတွေနဲ့ သက်ကြီးရွယ်အိုတွေကို အဓိကထား လိုက်လံသတ်ဖြတ်နေတဲ့ ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF) တပ်ဖွဲ့ဟာ သုံးနှစ်အတွင်းမှာ ၁၈၂ ဦးကို သတ်ဖြတ်ထားတယ်လို့ KRF တပ်ဖွဲ့ရဲ့ သုံးနှစ်ပြည့်ဒီနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဆိုပါ ၃ နှစ်တာ ကာလအတွင်း KRF ဟာ အခြား PDF တွေနဲ့ ပူးပေါင်းကာ ပစ်ခတ်တိုက်ခိုက်တာ၊ မိုင်းဆွဲတိုက်ခိုက်တာ၊ Drone ဗုံးသီးပစ်ချတိုက်ခိုက်တာ၊ ဒလန်၊ ပျူစောထီးခေါင်းစဥ်နဲ့ သတ်ဖြတ်မှု အကြိမ် (၁၂၀) ထက်မနည်း လုပ်ဆောင်ခဲ့ပြီး ရဟန်းနဲ့ လူ ၁၈၂ ဦးကို သတ်ခဲ့သလို ၂၀၇ ဦးလည်း ဒဏ်ရာရအောင် လုပ်ခဲ့ပြီး ဒီအကျိုးဆက်အဖြစ် KRF အဖွဲ့ဝင် ၁၃ ဦးလည်း သေဆုံးတယ်လို့ ပြောပါတယ်။

KRF ဟာ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၃ ရက်က စတင်ထူထောင်ခဲ့ပြီး သူတို့ရဲ့ နှစ်နစ်ပြည့် သဝဏ်လွှာမှာတော့ လမ်းတံတား အဆောက်အအုံ ၁၀၀ ကျော် ဖျက်ဆီးပြီး လူ ၁၆၀ ကျော် သတ်ထားတဲ့အပြင် လူ ၁၅၀ ကျော်လည်း ဒဏ်ရာရအောင် တိုက်ခိုက်ထားတယ် ​ပြောထားပြီး သုံးနှစ်ပြည့်မှာတော့ သတ်ဖြတ်သူအရေအတွက် တိုးလာတာတွေ့ရသလို လမ်းတံတားဖျက်ဆီးမှုတွေကိုတော့ အစဖျောက်ထားတာ မြင်ရပါတယ်။

ဒါ့အပြင် ဒီနှစ်ပိုင်းထဲမှာဆိုရင်လည်း ဇန်နဝါရီ ၁၉ ရက်မှာ မုပ္ပလင်ကျေးရွာနေ အသက် ၆၈ နှစ်အရွယ် ဦးတင်အေး၊ ဇန်နဝါရီ ၃၁ ရက်မှာ ဗိုလ်ကြီးထွန်းထွန်းနဲ့ အဖွဲ့ဝင်သုံးဦး၊ ဖေဖော်ဝါရီ ၂၃ ရက်က မုပ္ပလင်လမ်းဆုံဂိတ်တိုက်ခိုက်မှုမှာ လုံခြုံရေးတပ်ဖွဲ့ဝင် သုံးဦး၊ မတ်လ ၂၄ ရက်မှာ တောင်ကလေးကျေးရွာ အုပ်ချုပ်ရေးမှူးဦးစံလွင်ကို တိုက်ခိုက်သတ်ဖြတ်ခဲ့သလို မတ်လ ၂၅ ရက်မှာလည်း ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းရွာ ကျောက်ဖြူတောင်ကျောင်းဆရာတော်ဦးစန္ဒိမာနဲ့ စင်တော်လက်ဖက်ရည်ဆိုင်ပိုင်ရှင်ဦးတင်ငြိမ်းတို့ကို ပစ်သတ်ခဲ့ပြီး ဧ​ပြီ ၁ ရက်ကလည်း ကျိုက်ထိုမြို့၊ ကော့စံနိုင်ရပ်ကွက်၊ ဇီဇဝါမြောက်ပိုင်းမှာ ဓာတ်စက်အငှားဖွင့်သူ အသက် ၇၀ အရွယ် ဦးမြအေးကိုလည်း သတ်ဖြတ်ထားပါသေးတယ်။

အဲဒီလိုလုပ်ဆောင်မှုအပြင် KRF ဟာ ပြီးခဲ့တဲ့ ဧပြီ ၃ ရက် နေ့လယ် ၃ နာရီခွဲဝန်းကျင်မှာ ဘီးလင်းမြို့နယ်၊ တောင်စွန်းကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးအကူ ဦးကျော်ကျော်ကို KRF နဲ့ ကျိုက်ထို ပကဖ ပူးပေါင်းအဖွဲ့က စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ပြီး ဦးစန်းမောင်ဆီဆိုင်ရှေ့မှာ အချက်ပေါင်းများစွာ ပစ်ခတ်သတ်ဖြတ်လို့ နေရာတင် ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။

ဒီလိုသတ်ဖြတ်မှုတွေအပြင် KRF ဟာ ကျိုက်ထိုမြို့မရဲစခန်းက နယ်ထိန်းရဲတပ်သား ဝင်းထက်၊ ရဲတပ်သား ကြည်သာ (ခ)ဖိုးအောနဲ့ သထုံခရိုင်ရဲတပ်ဖွဲ့က ရဲတပ်သားကောင်းထက်ကျော် (ခ) ကျန်ကျောင်းတို့ကို ဇူလိုင် ၇ ရက် ညနေ ၃ နာရီခန့်က ကျိုက်ထိုမြို့နယ်၊ ကင်ပွန်းချောင်းကျေးရွာ၊ ကဒက်ချောင်းမှာ ဖမ်းဆီးထားတဲ့အဖွဲ့လည်း ဖြစ်ပါတယ်။

KRF အဖွဲ့ဟာ အဂတိလိုက်စားမှုပေါင်းများစွာနဲ့ ထောင်နှစ်ရှည်ကျခံနေရတဲ့ မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံရဲ့ ကိုယ်ရေးအရာရှိဟောင်း ရဲပြေးအေးမင်းထွန်းဦးဆောင်တဲ့အဖွဲ့ဖြစ်ပြီး သူတို့က ကျိုက်ထိုနယ်မှာ ကျက်စားသလို တံတားချိုးတာ၊ လူသတ်တာကို လုပ်ဆောင်နေတဲ့အပြင် ပြီးခဲ့တဲ့ ၂၀၂၂ အောက်တိုဘာ ၁၂ ရက်ကလည်း ကျိုက်ထီးရိုးဘုရားဖူးဂိတ်ကို ပစ်ခတ်တိုက်ခိုက်လို့ ဘုရားဖူးပြည်သူ ၄ ဦးသေဆုံးပြီး ၁၈ ဦး ဒဏ်ရာရခဲ့ပါသေးတယ်။

ပုံစာ။ ရဲပြေးအေးမင်းထွန်းဦးဆောင်သော KRF အဖွဲ့၏ လက်နက်မဲ့ပြည်သူများကို သတ်ဖြတ်ထားကြောင်း ဝန်ခံချက်များ တွေ့ရစဥ်။

Leave a Reply

Your email address will not be published. Required fields are marked *