၂၈. ၁၂. ၂၀၂၂
Written by Ye Kyaw
ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံဆန်ကုန်သည်အသင်းမှ ရက်အလိုက်ထုတ်ပြန်ချက်အရ ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ကျပ် ၉၈,၀၀၀ ခန့်သာ အများဆုံးရှိသော်လည်း လက်လီဈေးကွက်တွင် ကျပ် ၁၁၅,၀၀၀ အထိ ဈေးနှုန်းရှိနေသဖြင့် လက်လီစျေးကွက်တွင် ယခင်အတက်စျေးနှုန်းထက်ပင် တစ်ပြည်ကို ကျပ် ၃၀၀ စျေးတက်ရောင်းနေရကြောင်း ဆန်လက်လီရောင်းချသူများထံမှ သိရသည်။
“ဈေးတွေကတော့ တက်နေတာပဲ။ ရွှေဘိုပေါ်ဆန်းအဟောင်း တစ်ပြည်ကို ၄,၆၅၀ (ကျပ်)၊ အသစ်က ၃,၆၀၀။ အရင်က အဟောင်းတစ်ပြည် ၄,၀၀၀ နောက်တော့ ၄,၃၀၀၊ အခုတော့ ၄,၆၅၀ ဖြစ်သွားပြီ။ တစ်ခါတက်ရင် တစ်ပြည်ကို ၃၀၀ လောက်တက်တယ်။ Packing ပိတ်ပြီးသား ခြောက်ပြည်အိတ် အသန့်လာတာတွေဆို တစ်ပြည် ၄,၈၀၀ လောက်ကျတယ်” ဟု သင်္ဃန်းကျွန်းမြို့နယ်ရှိ ဆန်လက်လီ/လက်ကားအရောင်းဆိုင် ပိုင်ရှင်တစ်ဦးက ပြောသည်။
ဒီဇင်ဘာ ၂၈ ရက်တွင် ပြည်တွင်းစားသုံးသည့် ဆန်ချောများဖြစ်သည့် မြောင်းမြ/ပုသိမ်ပေါ်ဆန်း (ဟောင်း) တစ်အိတ်လျှင် ကျပ် ၆၅,၀၀၀ ခန့်၊ ပေါ်ဆန်းနယ်စုံ (ဟောင်း) တစ်အိတ်လျှင် ကျပ် ၆၃,၀၀၀ ခန့်၊ ဖျာပုံပေါ်ဆန်း (ဟောင်း) တစ်အိတ်လျှင် ကျပ် ၆၃,၀၀၀ ခန့်၊ ကြားပျံရှယ် (ဟောင်း) တစ်အိတ်လျှင် ကျပ် ၆၉,၀၀၀ ခန့်၊ ဆန်ကြမ်းများဖြစ်သည့် ဧည့်မထ (သစ်) တစ်အိတ်လျှင် ကျပ် ၄၇,၀၀၀ ခန့်၊ မြီးဒုံး (ဟောင်း) တစ်အိတ်လျှင် ၅၀,၀၀၀ ကျော်၊ ရက် (၉၀)ဆန်(ဟောင်း) တစ်အိတ်လျှင် ကျပ် ၅၀,၀၀၀ ကျော်ရှိကြောင်း ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း)မှ ထုတ်ပြန်ထားသည်။