September 20, 2024

၁၆. ၉. ၂၀၂၄
Written by Nyein Kyaw

ရေဘေးဒဏ်သင့်ပြည်သူများအတွက် ဆန်အိတ်များ လှူဒါန်းသွားမည့်အပြင် လှူဒါန်းလိုသူ မိဘပြည်သူများကိုလည်း ပေါ်ဆန်းနှင့်ဧည့်မဆန်များကို ရည်ညွှန်းဈေးအတိုင်း သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) က အသိပေးထုတ်ပြန်ထားသည်။

ဌာနဆိုင်ရာအဖွဲ့အစည်း၊ မြို့နယ်ပရဟိတအဖွဲ့များအပြင် ရပ်ကွက်နေပြည်သူများ စုပေါင်းလှူဒါန်းလိုပါက မှာယူနိုင်ပြီး စုပေါင်းလှူဒါန်းလိုသူ မိဘပြည်သူများအနေဖြင့် ဦးဆောင်သူပုဂ္ဂိုလ်တစ်ဦး၏ နေထိုင်ရာလိပ်စာ၊ သွားရောက်လှူဒါန်းမည့်ဒေသအပြင် လိုအပ်သော ဆန်အမျိုအစားနှင့် အိတ်အ‌ရေအတွက်များကို တင်ပြပြီး မှာယူနိုင်ကြောင်း သိရသည်။

“အရင်ဦးဆုံးစာတင်ပေးပါ။ ဥက္ကဋ္ဌ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကို ညွှန်းပြီးတော့ ရေဘေးလှူဒါန်းရန်အတွက် ဆန်ဝယ်ယူခွင့်ပြုပါရန် တင်ပြခြင်းဆိုပြီးတော့။ ဘယ်ဒေသတွေမှာ ဆန်သွားလှူမှာပါ။ ဆန်အမျိုးအစားဆိုရင် ပေါ်ဆန်းလား၊ ဧည့်မထလားဆိုတာနဲ့ ၁၀၈ ပေါင်အိတ် ဘယ်နှစ်အိတ်ကို ဝယ်ယူခွင့်ပါဆိုပြီး ကြေညာထားတဲ့ Viber ဖုန်းနဲ့ Email ကို ပို့ပေးရပါမယ်” ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

၂ဝ၂၄ ခုနှစ်၊ စက်တင်ဘာလတွင် ဖြစ်ပွားနေသော ရေဘေးအန္တရာယ်နှင့် စပ်လျဉ်းပြီး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ ညီနောင်အသင်းအဖွဲ့များ၊ အသင်းဝင်များအနေဖြင့် ရေဘေးသင့်ဒေသများတွင် ကယ်ဆယ်ရေးဆောင်ရွက်နေကြသော အစိုးရအဖွဲ့အစည်းများ၊ လူမှုရေး အကျိုးပြုအရပ်ဘက်အဖွဲ့အစည်းများနှင့် ရေဘေးကယ်ဆယ်ရေးစခန်းများ၊ ယာယီခိုလှုံနေထိုင်သော စခန်းများအတွက် ချက်ပြုတ်ကျွေးမွေးရန် ဆန်အိတ်များကို လှူဒါန်းသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

ထို့ပြင် ရေဘေးသင့်ဒေသများထံသို့ ပေါ်ဆန်း/ဧည့်မထ ဆန်အိတ်များ လှူဒါန်းလိုသော အလှူရှင်များအတွက် ရည်ညွှန်းဆန်ဈေးနှုန်းများအတိုင်း ဆန်အိတ်များကို သက်သာသောဈေးဖြင့် ရောင်းပေးရန် စီစဉ်ဆောင်ရွက်လျှက်ရှိပြီး ကျေးလက်ဒေသများတွင် ရေဘေးမှ ပြန်လည်ထူထောင်ရေးလုပ်ငန်း၊ အထူးသဖြင့် လယ်ယာမြေများတွင် သင့်လျော်သောသီးနှံများ ပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် လိုအပ်သော မျိုး၊ သွင်းအားစု၊ ငွေကြေးထောက်ပံ့မှုများကို စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

ထို့ကြောင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) အနေဖြင့် မတည်ငွေအဖြစ် ငွေကျပ် သိန်း ၁၀၀၀ စတင်မတည်ပြီး၊ အသင်းဝင်များ၏ ပူးပေါင်းပါဝင်မှုဖြင့် ဝိုင်းဝန်းကူညီ ဆောင်ရွက်သွားမည့်အပြင် အထောက်အပံ့/အကူအညီ လိုအပ်သောအဖွဲ့အစည်းများ၊ ပါဝင်လှူဒါန်းလိုသော အလှူရှင်များ၊ လှူဒါန်းရန် ဆန်လိုအပ်သည့် အဖွဲ့အစည်း/ပုဂ္ဂိုလ်များအနေဖြင့် ဆက်သွယ်ဆောင်ရွက်နိုင်ပြီး Viber ဖုန်း – ၀၉-၄၀၀၀၆၇၂၅၀၊ ၀၉-၄၀၀၀၆၇၂၆၀ နှင့် [email protected] သို့ ဆက်သွယ်မှာယူနိုင်ကြောင်း အသိပေးထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *