September 18, 2024

◾️ ချောင်းအထက်ပိုင်းရှိ သစ်ပင်များကို အများအပြားထုတ်ယူခြင်းအပြင် ခုတ်ပြီးသစ်တုံးများကို ချောင်းနဖူးတွင် စုပုံထားသဖြင့် မိုးအဆက်အပြတ်ရွာသွန်းချိန် ရေစီးနှင့်အတူမျောပါလာသည့် အဆိုပါသစ်တုံးများကြောင့် ရေလမ်းကြောင်းတစ်လျှောက် ထိခိုက်ပျက်စီးခဲ့သလို တမံကျိုးပေါက်မှုများ ဖြစ်ပေါ်ခဲ့ဟု ပြောကြား

၁၅. ၉. ၂၀၂၄
Written by Nyein Kyaw

နေပြည်တော်ကောင်စီနယ်မြေအတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် လမ်းတံတားများ ပြန်လည်ပြုပြင် ဆောင်ရွက်နေမှုများနှင့် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့မှု အခြေအနေများအား ယနေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင် လိုက်လံကြည့်ရှုစစ်‌ဆေးခဲ့သည်။

ယင်းကဲ့သို့ သွားရောက်စစ်ဆေးခဲ့ရာတွင် ရန်ကုန် – မန္တလေး လမ်းဟောင်းပေါ်ရှိ ရေတိုက်စားမှုကြောင့် ပျက်စီးခဲ့သော နဝင်းချောင်းတံတား(အဆုံ)အား ယာယီဘေလီတံတားထိုးတည်ဆောက်နေမှုများကို စစ်ဆေးခဲ့ပြီး ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ချိန်တွင် တံတားများထိခိုက်ပျက်စီးမှုများကို သင်ခန်းစာယူကာ တံတားများ တည်ဆောက်ရာတွင် အရှိန်အဟုန်ဖြင့် ရေစီးဒဏ်ကိုခံနိုင်ရေးအတွက် စနစ်တကျ ထည့်သွင်းတွက်ချက် ပြန်လည်ပြင်ဆင်ဆောင်ရွက်သွားရန် SAC ဥက္ကဋ္ဌက မှာကြားခဲ့သည်။

အဆိုပါ နဝင်းချောင်းတံတား(အဆုံ) ယာယီဘေလီတံတားကို တံတားခံနိုင်ဝန် ၄၀ တန်၊ အရှည် ၁၀၀ ပေ၊ ယာဉ်သွားလမ်းအကျယ် ၂၄ ပေ၊ သံဘေလီသုံးလွှာ ၁ ထပ် တံတားထိုးခြင်းလုပ်ငန်းကို စက်တင်ဘာ ၁၁ ရက်မှစ၍ အစားထိုးစတင်တည်ဆောက်ခဲ့ရာ စက်တင်ဘာ ၁၆ ရက်တွင် ပုံမှန်အတိုင်း ပြန်လည်သွားလာနိုင်မည်ဖြစ်သည်။

ထို့နောက်တွင် ကင်းသာတမံအတွင်း သောင်ထွန်းနေမှု၊ တောင်ကျချောင်း‌ရေများ အရှိန်အဟုန်ဖြင့် စီးဝင်ခဲ့မှုကြောင့် တမံကျိုးပေါက်နေမှု၊ သစ်ပင်သစ်တုံးကြီးများ တမံအတွင်း ပိတ်ဆို့နေမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ချောင်းအထက်ပိုင်း၌ သစ်ပင်များကို အများအပြားထုတ်ယူခြင်းကြောင့် ရေစီးဆင်းမှုနှုန်းကို ထိန်းသိမ်းနိုင်စွမ်းအားနည်းလာကာ ယခုကဲ့သို့ မိုးအဆက်မပြတ်ရွာသွန်းချိန်တွင် ရေအလုံးအရင်းဖြင့် စီးဆင်းခဲ့ခြင်းဖြစ်သည့်အပြင် သစ်ပင်သစ်တုံးများကို  ခုတ်ယူပြီး ချောင်းကမ်းနဖူးများတွင် စုပုံထားခြင်းကြောင့် ရေစီးနှင့်အတူ မျောပါလာသည့် သစ်တုံးကြီးများ၏ ရိုက်ခတ်မှုကြောင့် ရေလမ်းကြောင်းတစ်လျှောက် ထိခိုက်ပျက်စီးမှုများနှင့် တမံကျိုးပေါက်ခြင်းများဖြစ်ပေါ်ခဲ့ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

ကနဦးအနေဖြင့် အပျက်အစီးများ ရှင်းလင်းခြင်းလုပ်ငန်းများနှင့် တမံဧရိယာ ပြန်လည်ဖော်ဆောင်ခြင်း လုပ်ငန်းများကို ဦးစွာဆောင်ရွက်သွားရန်လိုပြီး ထိုသို့ဆောင်ရွက်ပြီးမှသာလျှင် ကျိုးပေါက်နေသည့် တမံနေရာများ စနစ်တကျဖြင့် ပြန်လည်ပြုပြင်သွားရန်နှင့် အခြားလိုအပ်သည်များကို SAC ဥက္ကဋ္ဌက မှာကြားခဲ့သည်။

ထို့ပြင် SAC ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်တို့အား ဆက်သွယ်ထားသော ပုဗ္ဗသီရိမြို့ပတ်လမ်းပေါ်ရှိ သိုက်ချောင်းတံတား (ဆင်သေချောင်းကူး)အား ယာယီဘေလီတံတားထိုးခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှု့စစ်ဆေးကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ SAC ဥက္ကဋ္ဌက လမ်းညွှန်မှာကြားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *