September 18, 2024

‌◾️ ရေဘေးကြောင့် သေဆုံး၊ ဒဏ်ရာရရှိသူများအပြင် ပျက်စီးခဲ့သော နေအိမ်များအတွက် နိုင်ငံတော်က ငွေကြေးထောက်ပံ့ပေးမည်ဟုပါ ပြောကြား

◾️ ယမန်နေ့တွင် ကယ်ဆယ်ရေးဆောင်ရွက်နေသူ တပ်မတော်သား ၁ ဦးနှင့် ရဲတပ်ဖွဲ့ဝင် ၁ ဦး ရေထဲမျောပါ ပျောက်ဆုံးနေ

၁၅. ၉. ၂၀၂၄
Written by Nyein Kyaw

ပြည်ဖျက်မီဒီယာများအနေဖြင့် ပြည်သူများ ပိုမိုစိုးရိမ်ထိတ်လန့်စေရန် ကျေးရွာတစ်ရွာတည်းတွင် လူ ၇၀၀ ကျော်သေဆုံးခဲ့ကြောင်း ကောလာဟလသတင်းများ ထုတ်လွှင့်ခဲ့သော်လည်း လက်ရှိအချိန်အထိ မြို့နယ် ၅၆ ခုတွင် ရေဘေးဒဏ်သင့်သူ ၃၂၀,၀၀၀ ကျော်ရှိပြီး သေဆုံးသူ ၁၁၃ ဦးသာရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့တွင် ပြောကြားသည်။

“မြို့နယ် ၅၆ မြို့နယ်မှာ ရေကြီးရေလျှံမှုတွေဖြစ်ပွားခဲ့ပါတယ်။ စက်တင်ဘာလ ၁၄ ရက် ညပိုင်းအထိ ရရှိစာရင်းများအရ ရေကြီးရေလျှံမှု၊ မြေပြိုမှုကြောင့် နိုင်ငံတစ်ဝန်းမှာ ရွှေ့ပြောင်းခဲ့ရတဲ့နေအိမ် ၇၂,၉၀၀ ကျော်ရှိခဲ့ပါတယ်။ အိမ်ထောင်စုပေါင်း ၇၈,၀၀၀ ကျော်ရှိပါတယ်။ လူဦးရေအနေနဲ့ကတော့ ၃၂၀,၀၀၀ ကျော်ကို ဘေးကင်းရာ ယာယီကယ်ဆယ်ရေးစခန်းတွေကို ရွှေ့ပြောင်းခဲ့ရပါတယ်။ နိုင်ငံတစ်ဝန်းလုံးမှာ သေဆုံးသူ ၁၁၃ ဦး၊ ပျောက်ဆုံးသူ ၆၄ ဦး၊ ဒဏ်ရာရရှိသူ ၁၄ ဦးရှိခဲ့ပြီး ပျောက်ဆုံးသူများကို ကြိုးစားရှာဖွေလျက်ရှိပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

သို့သော် ပြည်ဖျက်မီဒီယာများနှင့် မြန်မာနိုင်ငံအပေါ် အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်နေသူများအနေဖြင့် ကောလာဟလများ ထုတ်လွှင့်မှုများ၊ မြေပြင်အခြေအနေအမှန်မဟုတ်သည့် သတင်းအချက်များ ထုတ်လွှင့်ပြီး ပြည်သူလူထု ပိုမိုစိုးရိမ်ထိတ်လန့်အောင် ဆောင်ရွက်နေခြင်းကို တွေ့ရှိကြောင်း သိရသည်။

“ထင်ရှားတဲ့ဥပမာတစ်ခုအနေနဲ့ ရမည်းသင်းမြို့နယ်မှာ သပြေပင်ကျေးရွာမှာ လူ ၇၀၀ ခန့် သေတယ်ဆိုပြီးတော့ ထုတ်လွှင့်နေတာလည်း တွေ့ရပါတယ်။ ဖြစ်စဉ်အမှန်ကတော့ အဲဒီကျေးရွာမှာ ကယ်ဆယ်ရေးအဖွဲ့များလည်း ရောက်ရှိပြီးဖြစ်ပါတယ်။ လူ ၈ ဦးသာ သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူအချို့ရှိပါတယ်။ ဒဏ်ရာရရှိသူများကိုလည်း ဆေးရုံ၊ ဆေးခန်းများကို ပို့ဆောင်ပေးပြီးဖြစ်ပါတယ်”ဟု ဆက်လက်ပြောသည်။

စက်တင်ဘာ ၁၃ ရက်မှစတင်ပြီး နေပြည်တော်ပတ်ဝန်းကျင်တွင် ရေများကျဆင်းခဲ့ပြီး အဆိုပါ ရေများသည် စစ်တောင်းမြစ်ကိုမူတည်ကာ ကျဆင်းခဲ့ခြင်းကြောင့် စက်တင်ဘာ ၁၄ ရက် (ယမန်နေ့) တွင် တောင်ငူဒေသများတွင် ရေကြီးမှုများ ဆက်လက်ဖြစ်ပွားခဲ့သည်။ အဆိုပါ နေရာများအား ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် တပ်မတော်သား ၁ ဦးနှင့် ရဲတပ်ဖွဲ့ဝင် ၁ ဦး ရေထဲမျောပါ ပျောက်ဆုံးခဲ့ကြောင်း သိရသည်။

“မနေ့က နေ့လယ် ၁ နာရီလောက်မှာ တောင်ငူဒေသ ဇရပ်ကြီးအနောက်ဘက်ရွာများကို ရွှေ့ပြောင်းကယ်ထုတ်စဉ်မှာ ကယ်ဆယ်ရေးအဖွဲ့ထဲမှာပါတဲ့ တပ်မတော်သား ၁ ဦး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် ၁ ဦး ရေထဲမျောပါပြီး ပျောက်ဆုံးခဲ့ရပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်တည်ထောင်ရေးလုပ်ငန်းများကို အကောင်းဆုံးနှင့် အမြန်ဆုံးဖြစ်အောင် ဆောင်ရွက်သွားမည့်အပြင် သေဆုံးသူ၊ ဒဏ်ရာရရှိသူများအပြင် ပျက်စီးခဲ့သည့် အိမ်များအတွက်လည်း ငွေကြေးနှင့် လိုအပ်သည်များကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“သေဆုံး၊ ဒဏ်ရာရသူများကို ငွေကြေးထောက်ပံ့ပေးမှာဖြစ်ပါတယ်။ အိမ်ဆုံးရှုံးသူများကို စာရင်းကောက်ယူပြီး အိမ်ပျက်စီးမှု ရာခိုင်နှုန်းအပေါ် မူတည်ပြီး သတ်မှတ်နှုန်းထားများအတိုင်းလည်း ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။ လတ်တလောမှာတော့ ရေဘေးသင့်သူများ ကယ်ဆယ်ရေးစခန်းမှာ နေထိုင်ချိန်မှာ စားသောက်မှုအတွက် စားသောက်ဖွယ်ရာများကို သတ်မှတ်နှုန်းထားအတိုင်း ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ရေးဘေးဒဏ်သင့်ဒေသများအတွင်း ထိခိုက်ဆုံးရှုံးမှုအနည်းဆုံးဖြစ်အောင်နှင့် ကူညီကယ်ရေးများ အမြန်ဆုံးရရှိအောင် SAC ဥက္ကဋ္ဌကိုယ်တိုင် ကြပ်မတ်ဆောင်ရွက်နေသကဲ့သို့ SAC ဒုတိယဥက္ကဋ္ဌနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့်လည်း သဘာဝဘေးဒဏ်သင့်ဒေသများသို့ ကိုယ်တိုင်ကွင်းဆင်းပြီး ကူညီကယ်ဆယ်ရေးများ ‌ဆောင်ရွက်နေကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *