October 18, 2024

၂၈. ၁၂.၂၀၂၂
Written By Thandar

အချစ်နဲ့ထိတ်လန့်သည်းဖိုမှုပုံစံ ရောစပ်ထားတဲ့ “တမြေ့မြေ့မိုး” ဇာတ်လမ်းတွဲကို ဇန်နဝါရီ ၂ ရက်မှာ မဟာအပလီကေးရှင်းကနေ ထုတ်လွှင့်ပြသမယ်လို့ ဒီနေ့ပြုလုပ်တဲ့ စာနယ်ဇင်းမိတ်ဆက်ပွဲက သိရပါတယ်။

“ဒီဇာတ်လမ်းလေးက ကျွန်တော်ရိုက်နေကျပုံစံမျိုး မဟုတ်ဘူး။ ဒီဇာတ်လမ်းက အချစ်ဇာတ်လမ်းလေးရော၊ မှုခင်းပုံစံလည်း ပါသလို သည်းထိတ်ရင်ဖို ပုံစံလေးလည်း ပါတယ်။ ဇာတ်လမ်း ပုံစံလေးကလည်း ထူးထူးခြားခြားလေး ဖြစ်တဲ့အတွက် ရိုက်ကူးဖို့ လက်ခံလိုက်တာပါ။ ဒီဇာတ်လမ်းပုံစံက မှုခင်း၊ ဒရမ်မာ ဇာတ်လမ်းမျိုးဖြစ်သလို ဇာတ်လမ်းရဲ့ ရသကလည်း စိတ်ဝင်စားစရာကောင်းပြီး စိတ်လှုပ်ရှားစရာလည်း ကောင်းတယ်။ တချို့ ဇာတ်ဝင်ခန်းတွေကလည်း ဝမ်းနည်းစရာကောင်းတယ်။ ရသစုံတဲ့ ဇာတ်လမ်းတွဲလေးတစ်ခုပါ ”လို့ ဒါရိုက်တာ အောင်ချမ်းလူက ပြောပါတယ်။

ဒီဇာတ်လမ်းတွဲမှာတော့ အိမ်ထောင်သက် ငယ်စဉ်အချိန်မှာ ပျောက်ချင်းမလှ ပျောက်သွားတဲ့ မိန်းကလေးတစ်ယောက်နဲ့ ဇာတ်အိမ်တည်ထားပြီးတော့ အချစ်၊ ဒရမ်မာ၊ တုန်လှုပ်ခြောက်ခြားမှု စတဲ့ရသတွေကို ပေးစွမ်းမယ့် တမြေ့မြေ့မိုး ဇာတ်လမ်းတွဲကိုတော့ ဆရာမထက်မြက်နိုင်ဇင်က ဇာတ်ညွှန်း ရေးသားထားပါတယ်။

ဒါရိုက်တာ အောင်ချမ်းလူက ရိုက်ကူးပြီး သရုပ်ဆောင်တွေဖြစ်တဲ့ အေးချမ်းမောင် ၊ ကျော်ထက် ၊ ပန်းရောင်ခြယ် ၊ ဂိုဂိုစတဲ့ သရုပ်ဆောင်တွေနဲ့အတူ ရိုက်ကူးပုံဖော်ထားပြီးတော့ အပိုင်း (၆)ပိုင်း ပါဝင်တဲ့ Mini Series ဇာတ်လမ်းတွဲတစ်ခုဖြစ်ပါတယ်။

လက်ရှိမှာတော့ ရုပ်သံဇာတ်လမ်းတွဲကို မဟာ App ကနေ ဝင်ရောက်ကြည့်ရှုနိုင်မှာဖြစ်ပြီး မြန်မာဇာတ်လမ်းတွဲ အသစ်တွေအပြင် ရုံတင်ရုပ်ရှင်ကားကြီး (၃၀၀၀) ကျော်ကိုလည်း မဟာအပလီကေးရှင်းမှာ တင်ဆက်ပေးနေတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *