September 18, 2024

၁၅ .၉.၂၀၂၄
Written by Hey Mar

တောင်ငူခရိုင်အတွင်း ရပ်ကွက်ကျေးရွာ ၇၈ ခု ရေနစ်မြုပ်ပျက်စီးဆုံးရှုံးခဲ့ပြီး လက်ရှိအချိန်အထိတော့ ပျောက်ဆုံး သေဆုံး စာရင်း မရရှိသေးဘူးလို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တောင်ငူခရိုင် ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးစောညီညီထွေးက MT News ကို ပြောပါတယ်။

တောင်ငူခရိုင် ၅ မြို့နယ်မှာ ဖြူးမြို့နယ်တစ်ခုသာ ပျက်စီးနစ်မြုပ်မှုမရှိခဲ့တာဖြစ်ပြီး ခရိုင်တစ်ခုလုံးမှာရေဘေးသင့် လူဦးရေ ကိုးသောင်းကျော်နဲ့ ကယ်ဆယ်ရေးစခန်းပေါင်း တစ်ရာကျော် ဖွင့်လှစ်ထားရတယ်လို့ သိရပါတယ်။

တောင်ငူခရိုင်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးစောညီညီထွေးက”ရေလွှမ်းမိုးပြီး ပိတ်မိနေတဲ့ ရပ်ကွက်ကျေးရွာတွေက သူ‌တွေကိုလည်း တိုင်းစစ်ဌာနချုပ်နဲ့၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ ပရဟိတအဖွဲ့တွေက အခုအချိန်ထိစက်လှေ ၇၀ နီးပါး နဲ့ ရွှေ့ပြောင်းသယ်ထုတ်တာ၊ ထမင်းထုပ်ဝေတာ‌ ဆက်လက်ဆောင်ရွက်နေပါတယ်။ ပြန်လည်ထူထောင်ရေးကာလကိုလည်း တိုင်းဒေသ အစီအမံနဲ့ ဆက်လက် လုပ်မယ်။ အကူအညီကတော့ လိုအပ်နေဆဲပါပဲယ ကယ်ဆယ်ရေးစခန်းတွေမှာလည်း မြို့မိ၊ မြို့ဖ ပရဟိတတွေ ပူးပေါင်းပြီး စခန်းအလိုက် စီစဉ်နေပါတယ်။ နေ့စဉ် ချက်ပြုတ်ကျွေးမွေးရေး၊ ကျန်းမာရေး၊ ရေရရှိရေး စတာတွေကိုလည်း ကျေးလက်ဒေသဖွံ့ဖြိုးရေးကနေပြီး ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ အစီအစဉ်နဲ့ဆောင်ရွက်ပေးနေပါတယ်”လို့ ပြောပါတယ်။

တောင်ငူမြို့ သံတောင်ကားလမ်းတစ်လျှောက်မှာလည်း စစ်တောင်းမြစ် အရှေ့ဘက်ကမ်းမှာနေထိုင်တဲ့ မိသားစုတွေ လာရောက်ရေဘေးရှောင်နေရပြီး လက်ရှိအချိန်ထိတော့ မိမိတို့အိမ်တွေဆီ ပြန်လို့မရသေးတဲ့ အခြေအနေလို့ ဆိုပါတယ်။

တောင်ငူ ၂၃ ရပ်ကွက် ကသည်းစုဘက်မှာ နေထိုင်တဲ့သူတစ်ဦးက “ကားလမ်းဘေး လာနေရတာ ၃ ရက်ရှိပြီ။ ရေက တစစပြန်ကျနေပေမယ့် အိမ်တွေမှာ ပြန်နေလို့တော့ မရသေးဘူး။ ညီမတို့ရပ်ကွက် ရေတက်တာ ဒီနှစ်ထဲ ဒုတိယအကြိမ်ပါ။ပထမအကြိမ်က ရေဘေးမရှောင်ရဘူး။ အခုတစ်ကြိမ်မှရှောင်ရတာ။ ရပ်ကွက်ထဲ တစ်ထပ်အိမ်ဆို ခေါင်မြုပ်တယ်။ နှစ်ထပ်အိမ်တွေကတော့ အပေါ်ထပ် ကြမ်းခင်း မြုပ်ကြတယ်။ ရေက စတက်တဲ့ ရက်ကဆို ၂၄ နာရီအတွင်း လူတစ်ရပ် မြုပ်တယ် “လို့ ကြုံတွေ့နေရတဲ့ အခြေအနေကို ပြောပြပါတယ်။

ရေနစ်မြုပ်နေတဲ့ တောင်ငူခရိုင်တွင်းရပ်ကွက်၊ ကျေးရွာ၊မြို့နယ်‌ပေါင်းက တောင်ငူမြို့မှာ ရပ်ကွက်ကျေးရွာပေါင်း ၂၇ ခု၊ ရေတာရှည်မြို့မှာ ၂၄ ခု၊ ထန်းတပင်မြို့နယ်မှာ ၁၄ ခုနဲ့ အုတ်တွင်းမြို့နယ်မှာ ၈ ခု ရေလွှမ်းမိုးပျက်စီးမှုရှိခဲ့ပြီး ရေဘေးသင့်လူဦးရေ ၉၃၃၁၉ ဦး ရှိတယ်လို့ သိရပါတယ်။

တောင်ငူမြို့ ရေဘေးသင့် ပြည်သူတွေဆီ တောင်သူလယ် သမားဖွံ့ဖြိုးတိုးတက်ရေးပါတီက တိုင်းဒေသကြီးအစိုးရအဖွဲ့ကနေတစ်ဆင့် ကျပ်သိန်းပေါင်း ၂၇၀ ကိုလည်း ဒီက‌နေ့ စက်တင်ဘာ ၁၅ ရက်နေ့မှာ လှူဒါန်းပေးခဲ့ပါတယ်။

ပုံစာ။ ရေဘေးဒဏ်ခံစားနေရသော ပြည်သူများမြင်ကွင်း

Leave a Reply

Your email address will not be published. Required fields are marked *