September 19, 2024

၁၅. ၉.၂၀၂၄
Photo @ Written by TZ

စက်တင်ဘာ ၁၁ ရက် ည၂ နာရီဝန်းကျင်တွင် ဖြစ်ပွားသည့် ရေကြီးရေလျှံမှုကြောင့် နေပြည်တော်ကော​င်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်တွင် ကျေးရွာ ၃ ရွာရှိ ဘုန်းကြီးကျောင်း ၂ ကျောင်းအပါအဝင် ရွာလုံးကျွတ်နေအိမ်အများအပြား ပျက်စီးဆုံးရူံးပြီး အသက် (၅)နှစ်အရွယ်ကလေးငယ်နှင့် အသက် (၉၀) ကျော်အဘိုးအိုအပါအဝင် စုစုပေါင်း (၁၂) ဦး သေဆုံးသွားကြောင်း မိသားစုဝင်များထံမှ သိရသည်။

ယနေ့ စက်တင်ဘာလ ၁၅ ရက် နံနက်ခင်းအချိန်တွင် MT News မှ မြေပြင်ကွင်းဆင်း၍ ရေနစ်မြုပ်ဆုံးရှုံးသွားသည့် ကျေးရွာသူ/သားများနှင့်အတူ တပ်ကုန်းမြို့ရှိ မန်ကျည်းပင်ရွာသို့သွားရောက်၍ ဆုံးရှုံးသွားသည့် နေအိမ်များကို လိုက်လံကြည့်ရှုခဲ့သည်။

“ရွာတောင်ပျောက်နေပြီ။ ကျွန်မတို့ခြံထဲမှာရှိတဲ့ မိဘအိမ်တွေ၊ အစ်မအိမ်တွေ အကုန်လုံးရေထဲပါသွားတယ်။ နွားတွေလည်း အကုန်မြောသွားတယ်။ စိုက်ပျိုးရေးတွေလည်းအကုန်ပါတယ်။ ​အသက်မသေတာက မန်ကျည်းပင်တွေရှိလို့။ မန်ကျည်းပင်အသေးလေးမှာဆို လသားအရွယ်ကလေးရယ်။ သုံးနှစ်အရွယ်ကလေးရယ်။ မိသားစု ၁၃ ယောက်တက်နေတာ။ အပင်အကြီးဆုံးကတော့ အိမ် ၃ အိမ်က မိသားစုတွေတက်နေတာ။ ဒါတောင် ခဲအိုတစ်ယောက်ရေထဲပါသွားတယ်။ နောက်ထပ်ရွာမှာ အသက် ၉၀ ကျော်အဘိုးနဲ့၂ယောက် ရေထဲပါသွားတယ်။ သစ်ပင်ပေါ်မှာ၂ ရက်လောက် မန်ကျည်းပင်ပေါ်မှာ နေနေရတယ်” ဟု နေအိမ်ဆုံးရှုံးသွားသည့် မန်ကျည်းပင်ရွာမှ မနီလာက ပြောသည်။

ထို့ပြင် မန်ကျည်းပင်ကျေးရွာနှင့် အနီးအနားတွင်ရှိသည့် တပ်ကုန်းမြို့ရှိ ရေတွင်းဖြူကျေးရွာနှင့်ညောင်ပင်သာကျေးရွာတို့တွင်လည်း ကျောင်းသားကျောင်းသူများနှင့် ၅ နှစ်အရွယ်ကလေးငယ်အပါအဝင် ၈ ဦးမှာ ရေထဲမြောပါသွားကြောင်း သိရသည်။

“ကျွန်တော်က ရေတွင်းဖြူကျေးရွာမှာနေတယ်။ ကျွန်တော့်မှာ မိသားစု ၅ ယောက်ရှိတာ ၄ ယောက် ရေထဲပါသွားတယ်။ ကျွန်တော်တစ်ယောက်ပဲကျန်တာ။ ၉ တန်းကျောင်းသူရယ်၊ မိန်းမရယ်နဲ့ အသက် ၅ နှစ်အရွယ်ကလေးနဲ့ ယောက္ခမကော ရေထဲပါသွားတယ်။ နောက်ထပ်ရွာက တစ်ယောက်လည်းပါသွားတယ်။ ရွာကနည်းနည်းလေးပဲ ရေမြုပ်တာ။ ဘုန်းကြီးကျောင်းတော့ ရေထဲမပါဘူး။ ကျန်တဲ့ မကျီးပင်ရွာနဲ့ညောင်ပင်သာရွာက ဘုန်းကြီးကျောင်းရေမြှုပ်တယ်” ဟု ရေတွင်းဖြူကျေးရွာတွင် နေထိုင်သည့် ရေလွှနမ်းမိုးမှုကြောင့် ရေထဲမျောပါသွားသည့် မိသားစုဝင်တစ်ဦးက MT News သို့ ဖြေကြားသည်။

လက်ရှိအချိန်တွင် ရေဘေးသင့်သည့် ကျေးရွာ (၃) ရွာလုံးရှိ ရေဘေးသင့်ပြည်သူ ၁၂၀၀ ကို တပ်ကုန်းမြို့၊ မန်ကျည်းပင်၊ အ-ထ-က ကျောင်းတွင် ကယ်ဆယ်ထားကြောင်း သိရသည်။

“အဘွားရဲ့ မြေး ၁၀ တန်းကျောင်းသားလည်း ရေထဲပါသွားတယ်။ ခုထိအလောင်းတော့မတွေ့သေးဘူး” ဟု ညောင်ပင်သာကျေးရွာတွင် နေထိုင်သည့် အသက် ( ၇၉) နှစ်အရွယ် အဘွားတစ်ဦးက MT News သို့ ဖြေကြားသည်။

ရေလွမ်းမိုးမှုကြောင့် ကျေးရွာ ၃ ရွာစလုံး ရေထဲမျောပါဆုံးရှုံးမှုအပြင် ကျေးရွာတွင် စိုက်ပျိုးထားသည့် စပါး၊ မြေပဲ၊ ပြောင်းဖူး၊ ငရုတ်တို့ပါ ဆုံးရှုံးသွားပြီး၊ နွားများ၊ ဝက်များလည်း ရေနစ်သေဆုံးသွားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *