September 19, 2024

၁၅. ၉. ၂၀၂၄
Written by Nay Moe

ပုလောမြို့နယ်၊ ရှပ်ပုံကျေးရွာအနီး၌ ခရီးသည်တင်ရေယာဉ်အား PDF များက သေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ အမျိုးသမီးတစ်ဦး သေဆုံးကာ အမျိုးသမီးသုံးဦးဒဏ်ရာရရှိခဲ့ပြီး အမျိုးသားငါးဦးပျောက်ဆုံးနေကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ယနေ့ထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက် နေ့လယ် ၁၂ နာရီခွဲတွင် တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ နန်းတောင်ကျေးရွာနေ ရေယာဉ်မောင်းဖြစ်သူ ဦးတင်ဦး(၅၄)နှစ်နှင့် ရေယာဉ်ပဲ့နင်းဖြစ်သူ ကိုအောင်နိုင်သူ(၂၃)နှစ်တို့ မောင်းနှင်လာပြီး ခရီးသည် အမျိုးသားသုံးဦးနှင့် အမျိုးသမီး ၁၁ ဦးတို့လိုက်ပါလာသည့် ခရီးသည်တင်ရေယာဉ်သည် ပုလောမြို့မှ မလိကျေးရွာသို့ ထွက်ခွာလာစဉ် ရှပ်ပုံကျေးရွာရှိ ဓနိတောအနီးအရောက် PDF အဖွဲ့ (အင်အားစိစစ်ဆဲ)က သေနတ်များဖြင့် အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ PDF များ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ရေယာဉ်ပေါ်တွင် စီးနင်း လိုက်ပါလာသူများအနက် ဇရပ်ဆိပ်ကျေးရွာနေ မအေးချမ်းမိုး(၂၆)နှစ်တွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိ၍ သေဆုံးခဲ့ကာ တစ်ရွာတည်းနေသူများဖြစ်ကြသည့် ဒေါ်သန်းဌေး(၆၄)နှစ်၊ ဒေါ်နော်စီသင်းလှ (ခ)မပု(၅၀)နှစ်နှင့် ဒေါ်ခိုင်(၄၉)နှစ်တို့တွင် ကျည်ထိမှန်ဒဏ်ရာများအသီးသီးရရှိခဲ့ပြီး ဦးကျော်ဆွေ (၄၅)နှစ်၊ ကိုကရင်(၂၃)နှစ်၊ ဦးဘသန်း(၅၀)နှစ်၊ ဦးတင်ဦးနှင့် ကိုအောင်နိုင်သူတို့မှာ ပျောက်ဆုံးလျက်ရှိကြောင်း၊ သေဆုံး၊ ဒဏ်ရာရရှိသူများအား ပုလောမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်းနှင့် ကျုးလွန်သူများဖမ်းမိရေးနှင့် နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *