September 19, 2024

၁၅.၉. ၂၀၂၄
Written by Thettant

မြန်မာပြည်ဖွား၊ ဟားခါးဇာတိဖြစ်တဲ့ ချင်းတိုင်းရင်းသား ဂျိုရှုအာဗန် (Joshua Van) ဟာ ဒီနေ့ မြန်မာစံတော်ချိန် စက်တင်ဘာလ ၁၅ ရက် နံနက်မှာ ကျင်းပတဲ့ UFC 306 ပြိုင်ပွဲမှာ လူစားဝင်ထိုးသတ်ရင်း ပြိုင်ဘက် အဂ္ဂါချိုင်ရက်ဇ်ကို အနိုင်ရသွားခဲ့ပါတယ်။

UFC 306 ပြိုင်ပွဲကို အမေရိကန်၊ လာ့စ်ဗီးဂတ်စ်မှာရှိတဲ့ Sphere ကွင်းကြီးထဲ ကျင်းပနေတာဖြစ်ပြီး ဗန်နဲ့ ထိုးသတ်ရတဲ့ မက္ကဆီကိုနိုင်ငံသား အဂ္ဂါချိုင်ရက်ဇ်ဟာ မူလက ဗန့်ကို ရှုံးဖူးတဲ့ပြိုင်ဘက်ဟောင်း Kevin Borjas နဲ့ ပွဲတည်ပေးခံခဲ့ရတာဖြစ်ပေမယ့် Kevin Borjas က နုတ်ထွက်သွားလို့ ဗန်က Short Notice နဲ့ နှစ်ပတ်ခန့်အလိုမှာ ပွဲကိုလက်ခံပြီး ဝင်ထိုးသွားတာဖြစ်ပါတယ်။

ဗန်ဟာ UFC တတိယပွဲမှာလည်း ဘရာဇီးဖိုက်တာ ဖိလစ်ပီဘန်းနက်နဲ့ ထိုးသတ်ရချိန်က ဘန်းနက်ရဲ့ ပြိုင်ဘက်နုတ်ထွက်သွားလို့ လူစားဝင်ထိုးသတ်ရင်းနိုင်ပွဲရခဲ့သူဖြစ်သလို အခုပွဲမှာလည်း လူကောင်သာတဲ့ အဂ္ဂါချိုင်ရက်ဇ်ကို ခက်ခက်ခဲခဲအနိုင်ယူခဲ့ရတာပါ။

ဗန်ရဲ့ပြိုင်ဘက် အဂ္ဂါချိုင်ရက်ဇ်ဟာ အသက် ၂၈ နှစ်ရှိကာ အရပ် ၅ ပေ ၇ လက်မနဲ့ လက်တံအရှည် ၇၂ လက်မရှိသလို UFC မှာ ၂ ပွဲထိုးသတ်ထားပြီး ၁ ပွဲနိုင်၊ ၁ ပွဲရှုံးထားပေမဲ့ ကြေးစားဘဝ ပွဲပေါင်း ၁၆ ပွဲထိုးသတ်ထားရာမှာတော့ ၁၁ ပွဲနိုင်၊ ၅ ပွဲရှုံးထားသူပါ။ ဗန်က လက်ရှိမှာ အသက် ၂၂ နှစ်၊ အရပ်အမြင့် ၅ ပေ ၅ လက်မနဲ့ လက်တံအရှည် ၆၅ လက်မရှိပြီး UFC မှာ ၄ ပွဲထိုး၊ ၃ ပွဲနိုင်ခဲ့ပေမဲ့ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၄ ရက်မှာ ဝါရင့်ဖိုက်တာ ချာလ်းဂျွန်ဆင်နဲ့ ထိုးသတ်ခဲ့ကြရာမှာ ပထမဆုံးအကြိမ် အလဲထိုးနဲ့ရှုံးနိမ့်ခဲ့သလို ကြေးစားမှတ်တမ်းမှာတော့ ၁၀ ပွဲနိုင် ၂ ပွဲရှုံးထားပေမဲ့ ဒီနေ့မှာတော့ ၁၁ ပွဲနိုင် ၂ ပွဲရှုံးဆိုတဲ့ အနိုင်ရလဒ်တစ်ခု ထပ်မံ ဖန်တီးနိုင်ခဲ့တာပါ။

ပွဲက နှစ်ပတ်အလိုမှ Short Notice နဲ့ လူစားဝင် ယှဥ်ပြိုင်ထိုးသတ်ခဲ့ပေမဲ့ ဗန်ကတော့ သူပြောခဲ့သလို အချိန်မရွေး၊ နေရာမရွေး၊ လူမရွေးထိုးသတ်ခဲ့တာပါ။ ဒါပေမဲ့ ပထမအချီမှာ အထနှေးပြီး ပြိုင်ဘက်ထိုးသတ်ပုံ အကဲဖြတ်နေတတ်တဲ့ ဗန်ဟာ အဂ္ဂါချိုင်ရက်ဇ်ရဲ့ ထိုးချက်တွေ တောက် လျှောက်ထိနေခဲ့လို့ ပထမအချီမှာတင် စိုးရိမ်ရေမှတ်ဖြစ်ခဲ့ပြီး အဂ္ဂါချိုင်ရက်ဇ်နိုင်သွားမလားလို့ကို ရင်တထိတ်ထိတ်နဲ့ ကြည့်ခဲ့ရတာပါ။ ဒါပေမဲ့ ဒုတိယအချီမှာတော့ Fight IQ မြင့်တဲ့ ဗန်က Game Plan ပြောင်းလဲထိုးသတ်ရာမှာ Body shot တွေကြောင့် အဂ္ဂါချိုင်ရက်ဇ် ပြန်အထိနာခဲ့ပြီး အလဲထိုးနဲ့ပွဲပြီးမယ်ထင်ပေမဲ့ နောက်ပြန်တံတောင်တစ်ချက်ပြန်ထိလို့ တတိယအချီ ပွဲဆက်ရပြန်ပါတယ်။ တတိယအချီမှာလည်း ဗန်သာခဲ့သလို အဂ္ဂါချိုင်ရက်ဇ်ကလည်း မညံ့ခဲ့ဘဲ အကောင်းဆုံးပြန်ထိုးသတ်နိုင်လို့ ရင်တထိတ်ထိတ်နဲ့ကြည့်ခဲ့ရတာဖြစ်ပေမဲ့ အဆုံးသတ်မှာတော့ ဒိုင်သုံးဦးက ပထမအချီမှာ အဂ္ဂါချိုင်ရက်ဇ် အနိုင်၊ ဒုတိယအချီနဲ့ တတိယအချီမှာ ဗန့်ကိုအနိုင်ပေးလို့ Unanimous Decision နဲ့ အနိုင်ရရှိသွားပါတယ်။

Short Notice နဲ့ အချိန်ကပ်မှ လူစားလဲထိုးသတ်ရတဲ့ပွဲတွေဟာ သုံးလလောက် ဒီပွဲအတွက် အားမွေးထားတဲ့ပြိုင်ဘက်ကို ဘယ်လိုအကောင်းဆုံးအနိုင်ယူမလဲဆုံးဖြတ်ရပြီး လေ့ကျင့်ချိန်လည်းမရတာမို့ အခက်အခဲများပေမဲ့ ဗန်ကတော့ Short Notice နဲ့ အချိန်ကပ်ခေါ်တဲ့ နှစ်ပွဲစလုံးကို မငြင်းတဲ့အပြင် အနိုင်ပါယူပြနိုင်တာကတော့ ထူးခြားမှတ်တမ်းလို့ပဲ ဂုဏ်ပြုချင်ပါတယ်။ (Photo – Credit)

Leave a Reply

Your email address will not be published. Required fields are marked *