September 20, 2024

◾️ ပြိုကျပျက်စီးခဲ့သည့် ရန်ကုန်-မန္တလေးကားလမ်းဟောင်းပေါ်ရှိ နဝင်းချောင်းတံတားနေရာတွင် ယာယီဘေလီတံတား တည်ဆောက်ခဲ့ရာ စက်တင်ဘာ ၁၆ ရက်တွင် ပုံမှန်အတိုင်းသွားလာနိုင်မည်

၁၅. ၉. ၂၀၂၄
Written by Nyein Kyaw

ရေကြီးရေလျှံမှုကြောင့် နေပြည်တော်ကောင်စီနယ်မြေအတွင်း သေဆုံးသူ ၄၂ ဦးရှိပြီး အိမ်ပေါင်း ၃၃ လုံး ရေမျောပါခြင်းနှင့် ရေမြုပ်အဆောက်အဦ ၃၈၁၉ လုံး ရှိပြီး ကြွင်းကျန်ရေဘေးသင့်သူများကို ဆက်လက်ရှာဖွေရေးနှင့် ပြန်လည်တည်ထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေပြီဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ယမန်နေ့က ပြုလုပ်သည့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ရာဂီမုန်တိုင်း၏ နောက်ဆက်တွဲ ကြွင်းကျန်မိုးတိမ်တိုက်များကြောင့် ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံ အပါအဝင် မြန်မာနိုင်ငံ၏ နိုင်ငံတဝှမ်းနီးပါး မိုးသည်း ထန်စွာ ရက်ဆက်ရွာသွန်းခဲ့သဖြင့် ချောင်းရေ၊ မြစ်ရေများ ရုတ်တရက်မြင့်တက်၍ ရေကြီးရေလျှံမှုဖြစ်ပေါ်ခြင်း၊ မြေသားနူးပြီး မြေပြိုခြင်း၊ တောင်ကျချောင်းရေများ ရုတ်ချည်းစီးဆင်းခြင်းများဖြစ်ခဲ့ရာ စက်တင်ဘာလ ၉ ရက်ညပိုင်းမှ စက်တင်ဘာလ ၁၁ ရက် နံနက်ပိုင်းအတွင်း နေပြည်တော်ကောင်စီ၏ မြို့နယ်(၈)မြို့နယ်အနက် တပ်ကုန်းမြို့နယ်မှစ၍ ပုဗ္ဗသီရိ မြို့နယ်၊ ဇေယျာသီရိမြို့နယ်၊ ပျဉ်းမနားမြို့နယ်နှင့် လယ်ဝေးမြို့နယ်တို့အတွင်း စီးဆင်းလျက်ရှိသည့် ဆင်သေချောင်းမှတစ်ဆင့် ချောင်းရေများ ရုတ်ချည်းမြင့်တက်လျက် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ကြောင်း SAC ဒုဥက္ကဋ္ဌက ပြောကြားသည်။

ဆင်သေချောင်းအတွင်းသို့ နဝင်းချောင်း၊ မုန်းချောင်းနှင့် ကင်းသာချောင်း ၃ ချောင်း၏ ချောင်းရေများသည် စက်တင်ဘာလ ၉ ရက် တစ်ညအတွင်း မိုးရေချိန် ၁၁ လက်မအထိ ရွာသွန်းခဲ့သဖြင့် တောင်ကျရေနှင့် မြေပြိုမှုများမှတစ်ဆင့် အရှိန်အဟုန်ဖြင့် တိုက်စားမှုများဖြစ်ပေါ်ခဲ့ခြင်း၊ ၎င်းမှ ကျန်မြို့နယ် ၄ မြို့နယ်တို့ တစ်ဆင့်ပြီးတစ်ဆင့်ရောက်ရှိပြီး ရေလျှံမှုများဖြစ်ပေါ် ခဲ့ကြောင်း၊ စက်တင်ဘာလ ၁၀ ရက်နေ့တွင် တပ်ကုန်းမြို့မှ အရှေ့ဘက် ၁၄ မိုင်အကွာ တောင်ခြေအထိသည် ရေပြင်ဖုံးလွှမ်းလျက် ခရိုင်ချင်းဆက်လမ်းများ၊ ကျေးရွာချင်းဆက်လမ်းများအထက် ၁၀ ပေမှ ၁၄ ပေခန့် မြင့်တက်လျက်ရှိ၍ ကယ်ဆယ်ရေး အဖွဲ့များက အသက်ကယ်စက်လှေများဖြင့် ခက်ခက်ခဲခဲ ကူညီကယ်ဆယ်ရေး ဆောင်ရွက်လျက်ရှိ ရေလွတ်ရာသို့ ပို့ဆောင်ခြင်းများ ဆောင်ရွက်ခဲ့ရကြောင်း SAC ဒုဥက္ကဋ္ဌက ပြောကြားသည်။

သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးအဖွဲ့များမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့ခွဲများနှင့် လူမှုရေးအသင်းအဖွဲ့များမှလည်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံချက်ပါအတိုင်း ကူညီကယ်ဆယ်ရေးအား အချိန်နှင့်တစ်ပြေးညီ ခက်ခက်ခဲခဲဆောင်ရွက်ခဲ့ရကြောင်း၊ စက်တင်ဘာလ ၁၁ ရက်နေ့ ညနေပိုင်းမှစ၍ တပ်ကုန်း မြို့နယ်မှတစ်ဆင့် ဆင်သေချောင်းရေ ကျဆင်းခဲ့ရာ စက်တင်ဘာလ ၁၂ ရက် နေ့လယ်ပိုင်းမှစ၍ ပျက်စီးခဲ့သည့် လမ်း/တံတား/အဆောက်အဦများ၊ အမှိုက်သရိုက်များ စတင်၍ ရှင်းလင်းနိုင်ပြီဖြစ်ကြောင်း SAC ဒုဥက္ကဋ္ဌက ပြောကြားသည်။

လက်ရှိအချိန်အထိ ကောက်ယူရရှိသည့် ကောက်ယူရသည့် စာရင်းဇယားများအရ ၄၂ ဦး သေဆုံးပြီး အိမ်ပေါင်း ၃၃ လုံး ရေမျောပါခြင်း၊ ရေမြုပ်အဆောက်အဦ ၃၈၁၉ လုံးအပါအဝင် ပျက်စီးမှုများကို စတင်၍ သန့်ရှင်းရေးပြုလုပ်ခြင်း၊ ကြွင်းကျန်ရေး‌ဘေးသင့်သူများ ဆက်လက်ရှာဖွေကယ်ဆယ်ခြင်းနှင့် ပြည်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေပြီဖြစ်ကြောင်း SAC ဒုဥက္ကဋ္ဌက ပြောကြားသည်။

ယခုဆိုင်ကလုန်းမုန်တိုင်း ရာဂီ၏အရှိန်ကြောင့် နေပြည် တော်ကောင်စီနယ်မြေအတွင်းသာမက ရှမ်းပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်းနှင့် ကျန်ပြည်နယ် အချို့နေရာတို့တွင်လည်း ရေကြီးရေလျှံမှု၊ တောင်ပြိုမှုများရှိပြီး အဆိုပါ ဖြစ်ပေါ်မှုများကိုလည်း သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီများက စီမံချက်နှင့်အညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေကြောင်း SAC ဒုဥက္ကဋ္ဌက ပြောကြားသည်။

ရေတိုက်စားမှုကြောင့် ပြိုကျပျက်စီးခဲ့သည့် ရန်ကုန်- မန္တလေး ကားလမ်းဟောင်းပေါ်ရှိ အရှည် ၁၉၀ ပေ၊ အကျယ် ၂၈ ပေရှိ နဝင်းချောင်းတံတားကိုလည်း စက်တင်ဘာ ၁၁ ရက်မှစတင်၍ ခံနိုင်ဝန်တန် ၄၀၊ အရှည် ပေ ၁၀၀၊ အကျယ် ၂၄ ပေရှိ ယာယီဘေလီတံတားအဖြင့် အစားထိုးတည်ဆောက်ခဲ့ရာ စက်တင်ဘာ ၁၆ ရက်တွင် ပုံမှန်အတိုင်း ပြန်လည်သွားလာနိုင်မည်ဖြစ်ကြောင်း SAC ဒုဥက္ကဋ္ဌက ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *