September 20, 2024

၁၄. ၉.၂၀၂၄
Written by Thettant

နည်းစနစ်ကြွယ်ဝမှု၊ လက်ဝှေ့ထိုးတဲ့အခါတိုင်းမှာ နိုင်မယ်လို့စိတ်ခွန်အား ပေးနိုင်မှုနဲ့ သတ်လုံးသတ်ပေါက်စုံတဲ့ လက်ဝှေ့ကျော်ညီနောင် ထွန်းလွင်မိုးနဲ့ သန့်ဇင်တို့ကလည်း နိုင်ငံတစ်ဝန်းက ရေဘေးသင့်နေတဲ့ ပြည်သူတွေကို ကူညီလှူဒါန်းချင်တာကြောင့် မျက်စိကွယ်တဲ့အထိ ပေးဆပ်ထားရတဲ့ ထွန်းလွင်မိုးရဲ့ ကမ္ဘာ့ချန်ပီယံခါးပတ်နဲ့ သန့်ဇင် မြတ်နိုးတဲ့ One လက်အိတ်ကို လေလံတင်ပြီး ရေဘေးသင့်ပြည်သူတွေအတွက် လှူဒါန်းမယ်လို့ ဒီညမှာ ကြေညာလာပါတယ်။

ကျွန်တော်တို့ ညီကိုနှစ်ယောက်လည်းလှူချင်ပါတယ်ဆိုတဲ့ ခေါင်းစဥ်နဲ့ ထွန်းလွင်မိုး ဖော်ပြလာတဲ့ပို့စ်မှာ “ကျွန်တော်တို့မိသားစုက ဆင်းရဲပေမဲ့ ငွေကြေးထက် ဆုတံဆိပ်တွေကိုအသက်တမျှ တန်ဖိုးထားကြတယ်။ ကျွန်တော်တို့မိသားစုအဝတ်ထည့်စရာ ၃၅၀၀ တန်ကော်ပုံးတစ်လုံးမရှိခင်ထဲကကျွန်တော် လက်ဝှေ့ထိုးရင်ရလာမဲ့ ဆုတံဆိပ်တွေကိုအမြတ်တနိုးသိမ်းထားဖို့ ၁၀၀၀၀၀ တန် ဗီရိုကြီးကို ခေါင်းရင်းခန်းမှာ ထားတာပါ။ ဒါပေမဲ့ ကျွန်တော့်ရဲ့ စီနီယာအကိုကြီး ကိုထွန်းထွန်းမင်းရဲ့ မွန်မြတ်သောဆုံးဖြတ်ချက်နှင့် လှူတန်းမှုကို ဂုဏ်ယူလေးစားအားကျမိလာတယ်။ ခုချိန်မှာ အရေးကြီးဆုံး၊ အမွန်မြတ်ဆုံး၊ အလုပ်သင့်ဆုံးမို့မိသားစုနှင့်တိုင်ပင်ကာ ကျွန်တော်မျက်စိနှစ်ကွင်း ကွယ်သွားသည်အထိ ပေးဆပ်ခဲ့ရတဲ့ အမြတ်နိုးဆုံး ၂၀၁၆ -၂၀၁၇ ရဲ့ကမ္ဘာ့ချန်ပီယံခါးပတ်တစ်ခုနှင့် သန့်ဇင်ရဲ့အမြတ်နိုးဆုံး၊ ပထမဦးဆုံးအနိုင်ရခဲ့တဲ့ ONE လက်အိတ်တစ်စုံရယ်ကို ရှေ့ကအတိုင်း လေလံတင်ရောင်းချပြီး ရေဘေးသင့်ပြည်သူတွေကို လှူဒါန်းလိုက်ချင်ပါတယ်။ ၂၇ ရက်နေ့ ညီလေးပွဲထိုးပြီးရင်လည်း ညီလေးထိုးသတ်ကြေးထဲမှတတ်အားသရွေ့ လှူဒါန်းပါမည် ခင်ဗျာ။ ရိုးရာလက်ဝှေ့နှင့်ကျွန်တော်တို့ညီကိုနှစ်ယောက်ကို အားပေးချစ်ခင်ကြသော ပရိတ်သတ်ကြီးတို့ကလည်း ဝိုင်းဝန်းကူညီအားဖြည့်ကြပါဦး ခင်ဗျာ” လို့ ဖော်ပြထားပါတယ်။

လက်ဝှေ့စင်ပေါ်ရောက်တာနဲ့ မြန်မာပရိသတ်တွေကို သန့်ဇင်ကတော့ နိုင်အောင်ထိုးမှာပဲလို့ စိတ်လုံခြုံမှုပေးနိုင်တဲ့ မြန်မာ့ရိုးရာကျားပေါက်စ သန့်ဇင်ဟာ ဂျပန်နိုင်ငံရဲ့နာမည်ကြီး ထိပ်တန်းဖိုက်တာ တခဲရု (Takeru) နဲ့ စက်တင်ဘာ ၂၇ ရက်မှာ ထိုးသတ်ရမှာဖြစ်ပြီး ဒီပွဲဟာ ဂျပန်နိုင်ငံရဲ့ နာမည်အကြီးဆုံးနဲ့ ချန်ပီယံဆုဆယ်နဲ့ချီရထားတဲ့ ကမ္ဘာ့အဆင့်ကစ်ဘောက်ဆင်ချန်ပီယံ တခဲရုနဲ့ ကစ်ဘောက်ဆင်နည်းနဲ့ထိုးသတ်မှာဖြစ်လို့ တခဲရု အားသာနေပေမဲ့ သန့်ဇင်ကလည်း အနိုင်ယူဖိုစိုင်းပြင်းနေသလို “ကျွန်တော်တို့ ညီကိုနှစ်ယောက်ရဲ့ အလှူဒါနလေးကို ပါဝင်အားဖြည့်ကူညီကြပါဦးခင်ဗျ”လို့လည်း လေလံမှာ ပါဝင်ဖို့ တောင်းဆိုထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *