September 20, 2024

၁၄.၉.၂၀၂၄
Written by Hey Mar

ရေဘေးအတွက် ကူညီလှူဒါန်းဖို့နဲ့ ဘဝတူ နာမကျန်းပန်းချီဆရာတွေကို စောင့်ရှောက်နိုင်ဖို့ Abstract Artist Oliver Ko Lay ရဲ့ တစ်ကိုယ်တော် ပန်းချီပြပွဲကို စက်တင်ဘာ ၁၄ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ ရန်ကုန်မြို့ ၊ ဗိုလ်တထောင်မြို့နယ် ၊ ဗိုလ်မြတ်ထွန်းတာဝါရှိ Artistic Space Art Gallery မှာ ပြသရောင်းချပေးနေတာဖြစ်ပါတယ်။

ပြသထားတဲ့ ပန်းချီကားတွေထဲမှာ ၄ ပေ ၆ ပေ ကားကြီးတွေ ပါဝင်ပြီး လှူဒါန်းဖို့သာ အဓိကရည်ရွယ်ပြသတဲ့ပွဲမို့ မြန်မာငွေနဲ့ပဲ တန်ဖိုးသတ်မှတ်ရောင်းချသလို ၊ ‌ရာခိုင်နှုန်းသတ်မှတ် လှူဒါန်းမယ့်ကားတွေလည်းပါဝင်ပြီး တချို့ကားကြီးတွေက ဝယ်ယူမယ့်သူအနေနဲ့ သက်ဆိုင်ရာလှူဒါန်းရမယ့် တရားဝင်ဌာနတွေဆီ တိုက်ရိုက်ငွေလွှဲရမယ့်ပုံစံမျိုးစီစဉ်ထားတယ်လို့ Oliver Ko Lay က MT News ကို ပြောပါတယ်။

“ကျွန်တော်က ပြပွဲလုပ်ဖို့ ပန်းချီဆွဲတာမဟုတ်ဘူး။ ပန်းချီကို ပင်စင်ယူပြီးကတည်းက ကျွန်တော့်ရဲ့ ဝါသနာအဖြစ်မဆွဲရမနေနိုင်လို့ကို ဆွဲတယ်။ အခု ပန်းချီကားတွေလည်း လက်ထဲမှာများလာပြီ၊ အခြေအနေ အချိန်အခါတွေလည်းတိုက်ဆိုင်နေတာမို့ ကျွန်တော်ပြပွဲ လုပ်လိုက်တာပါ။ အလှူတစ်ခုကတော့ ကျွန်တော်က နေ့စဉ်ပြုနေတာပဲ။ အိမ်မှာ ကျွန်တော်က ဈေးသွားဖို့တာဝန်ယူတယ်။ လူတွေ အတော် ရုန်းကန်နေကြရတယ်။ ချို့ချို့တဲ့တဲ့ဝယ်နေတာမျိုး၊ အဆင်မပြေတာမျိုးတွေ့ရင် ကျွန်တော် စိုက်ထုတ်မျှဝေတယ်၊ ဒါမျိုးကတော့နေ့စဉ်ဒါန။ နောက်တစ်ခုက ကျွန်တော်တို့ မိတ်‌ဆွေ အဆင်မပြေတဲ့ Artist တွေပေါ့။ ဆေးဝါးကုသဖို့ ခက်ခဲတာတွေ အကူအညီတောင်းတာလည်းရှိသလို၊ ကိုယ်တိုင်က သိပြီး ကူညီလိုက်တာ ဒါမျိုးကျွန်တော် လုပ်ဖြစ်ပါတယ်။ လူသိအောင် လုပ်မပြတာဘဲရှိတယ်။ အခုကတော့ ရေဘေး လှူချင်တယ် ၊ ဒါကြောင့် ရှိတဲ့ကား ထုတ်ပြပြီး ရောင်းဖြစ်တယ် ” လို့ ပြောပါတယ်။

လှူဖို့အတွက်ပြုလုပ်တဲ့ ပြပွဲမှာ Oliver Ko Lay ရဲ့ Abstract ပန်းချီကား ၂၈ ကား ပြသထားပြီး ပန်းချီကားတွေရဲ့ ဈေးနှုန်းက ကျပ် သုံးသိန်းဝန်းကျင်ကနေ ကျပ် သိန်းသုံးဆယ်ကျော်ကနေ ကားတွေအထိ ပါဝင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *