September 19, 2024

တရုတ်-မြန်မာဆက်ဆံရေးကို သွေးခွဲလိုသော၊ တရုတ်နိုင်ငံအား အကြောင်းမဲ့ပြစ်တင်သော မည်သည့်ပြောဆိုလုပ်ဆောင်မှုကိုမဆို ဆန့်ကျင်ကြောင်းပါ ​ဖော်ပြ

၁၄. ၉. ၂၀၂၄
Written by Nay Moe

မြန်မာနိုင်ငံတွင်မတည်မငြိမ်ဖြစ်မှု၊ စစ်ပွဲဖြစ်ပွားနေမှုကို ဆန့်ကျင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ယခုထုတ်ပြန်လာသည်။

ပြီးခဲ့သည့် ဩဂုတ်လကုန်ပိုင်းက နယ်မြေလုယက်တိုက်ပွဲဆင်နွှဲနေသော TNLA ကို အပစ်ရပ်ရန် တရုတ်နိုင်ငံက သတိပေးခဲ့သည်ဆိုသော စာ ထွက်ပေါ်လာပြီးနောက် CRPH နှင့် NUG ကို တည်ထောင်သူ ဦးအောင်ကြည်ညွန့်ဦးဆောင်ပါဝင်သည့် NUCC က တရုတ်နိုင်ငံကို ရှုတ်ချကန့်ကွက်စာထုတ်ခဲ့သလို TNLA နှင့် NUG ကိုထောက်ခံသည့် တော်လှန်ရေးအင်အားစုရာချီကလည်း ကန့်ကွက်စာထုတ်ခဲ့သည့်အပြင် ရန်ကုန် PDF လေးဖွဲ့ကလည်း တရုတ်နိုင်ငံအလံနှင့် တရုတ်သမ္မတရှီကျင့်ဖျင် ပုံကို ခြေဖြင့်နင်းပြီး မီးရှို့ဆန္ဒပြမှု စက်တင်ဘာ ၄ ရက်က ဖြစ်ပွားခဲ့ပြီးနောက် ယခုထုတ်ပြန်ချက် ထုတ်ပြန်လာခြင်းဖြစ်သည်။

စက်တင်ဘာ ၁၄ ရက် ည ၉ နာရီခန့်တွင် ထုတ်ပြန်သည့် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး၏ ထုတ်ပြန်ချက်မှာ မကြာသေးမီက အချို့သောမီဒီယာများနှင့် ပုဂ္ဂိုလ်များက တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ ပြည်တွင်းရေးကိုစွက်ဖက်နေသည်ဟု အကြောင်းမဲ့ ပြစ်တင်မှုများနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး ပြောခွင့်ရပုဂ္ဂိုလ်၏ သဘောထားထုတ်ပြန်ချက်အဖြစ် ထပ်လောင်းပြောခြင်းဖြစ်သည်ဟုလည်း ဖော်ပြထားသည်။

တရုတ်သံရုံးထုတ်ပြန်ချက်အရ တရုတ်-မြန်မာနှစ်နိုင်ငံသည် အစဉ်အလာချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံများဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာ၊ နိုင်ငံတစ်သားတည်းဖြစ်တည်မှုနှင့် နယ်မြေတည်တံ့မှုအား ထိန်းသိမ်းကာကွယ်ခြင်းကို ခိုင်မာစွာထောက်ခံအားပေးကြောင်း၊ ပြည်တွင်းရေးအား ဝင်ရောက်မစွက်ဖက်ခြင်းကို ခိုင်မာစွာကိုင်စွဲထားပြီး မြန်မာပြည်သူက ပိုင်ဆိုင်၍ မြန်မာပြည်သူက ဦးဆောင်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို လိုက်နာပါကြောင်း၊ တရုတ်နိုင်ငံက မြန်မာနိုင်ငံတွင်မတည်မငြိမ်ဖြစ်မှု၊ စစ်ပွဲဖြစ်ပွားနေမှုကို ဆန့်ကျင်ပါကြောင်း၊ ပြည်ပအင်အားစုက မြန်မာနိုင်ငံပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်မှုအား ဆန့်ကျင်ပါကြောင်း၊ တရုတ်-မြန်မာဆက်ဆံရေးကို သွေးခွဲလိုသော၊ တရုတ်နိုင်ငံအား အကြောင်းမဲ့ပြစ်တင်သော မည်သည့်ပြောဆိုလုပ်ဆောင်မှုကိုမဆို ဆန့်ကျင်ပါကြောင်း ဖော်ပြထားသည်။

ထို့ပြင် တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ်ထားရှိသော ချစ်ကြည်ရေးမူဝါဒသည် မြန်မာပြည်သူတစ်ရပ်လုံးကို မျက်နှာမူပါကြောင်း၊ မြန်မာနိုင်ငံရှိ သက်ဆိုင်ရာဘက်အသီးသီးက ဆောလျင်စွာ အပစ်အခတ်ရပ်စဲ၍ ငြိမ်းချမ်းသောနည်းလမ်းဖြင့် သဘောထားကွဲလွဲမှုများကို ဖြေရှင်းကာ မြန်မာနိုင်ငံမြောက်ပိုင်းနှင့် မြန်မာနိုင်ငံအခြေအနေ ပြန်လည်တည်ငြိမ် အရှိန်လျော့လာရေးအား ဖော်ဆောင်သွားရန် မျှော်လင့်ပါကြောင်းနှင့် တရုတ်နိုင်ငံက ယင်းအတွက် အပြုသဘောဆောင်သည့်အခန်းကဏ္ဍမှ ပါဝင်သွားရန် ဆန္ဒရှိပါကြောင်းလည်း ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *