September 19, 2024

၁၄.၉.၂၀၂၄
Photo @ Written by TZ

နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်က ရေဘေးကြောင့် ပိတ်မိနေတဲ့ ပြည်သူတွေကို အနယ်နယ်အရပ်ရပ်ကကူညီကယ်ဆယ်ရေးတွေနဲ့ ဒေသခံလူမှုကယ်ဆယ်ရေးအသင်းတွေက ဒီနေ့ စက်တင်ဘာ ၁၄ ရက်မှာ လာရောက်ကူညီကယ်ဆယ်နေကြတဲ့ မြင်ကွင်းတွေဖြစ်ပါတယ်။

လယ်ဝေးမြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းမှာ ပိတ်မိနေတဲ့ ကျေးရွာတွေက အောင်သုခကျေးရွာ၊ ပေါင်းလောင်းကျေးရွာ၊ ဆနွန်းအိုင်ကျေးရွာ၊ စစ်တောင်းမြစ်အနောက်ဘက်ခြမ်းက ရေနီလေးတဲစုကျေးရွာ၊ ညောင်ပင်အိုင်ကျေးရွာ၊ ဗိုလ်ကိုးလုံးကျေးရွာ၊ ရေလဲပေါက်ကျေးရွာ၊ ပေါက်မြိုင်ကျေးရွာ၊ ဆီဆုံကုန်းကျေးရွာ၊ အလယ်ကျွန်းကျေးရွာ၊ လက်ပတန်းကျေးရွာ၊ ကြို့တန်းကျေးရွာတို့မှာ နေအိမ်တွေ ရေလွှမ်းမိုးပြီးစိုက်ပျိုးထားတဲ့ ပြောင်း၊ စပါး၊ ကြံတို့ ဆုံးရှုံးမှုအပြင် ကျွဲ၊ နွား၊ ဝက်၊ ကြက်တို့လည်း ရေထဲမြောပါသွားခဲ့တယ်လို့ သိရပါတယ်။

ရေဘေးကြောင့် နေအိမ်ရေနစ်မြှုပ်သွားတဲ့ လယ်ဝေးမြို့နယ် ရေလဲပေါက်ရွာမှာ နေထိုင်တဲ့ ဦးစိုးလွင်က “ကျွန်တော့်အသက် ၆၀ ရှိပြီ။ ဒီလိုရေကြီးတာ ဒါပထမဦးဆုံးကြုံဖူးတာ။ ဒီလိုအချိန်ဆို ရေက နည်းနည်းပါးပါးလေးပဲ ဖြစ်တာ။ ခုဆိုရေမြုပ်လို့ ကျွန်တော့်ရဲ့ စိုက်ပျိုးရေးတွေလည်း ရေနစ်လို့ကုန်။ မျိုးပဲမျိုးစုံဆို ငွေပမာဏနဲ့ နှစ်ဆယ့်ငါးသိန်းလောက်ဆုံးရှုံးတယ်။ မြေသြဇာဆို သိန်း ၂၀ လောက်ဆုံးရှုံး ကုန်တယ်။ အဲ့ဒါတွေက အိမ်နစ်တော့ ရေထဲပါသွားတာ။ ရွာကအမျိုးသမီးတစ်ယောက်ဆို အပျိုကြီး အသက် ၅၀ လောက်ရှိတယ်။ ရေစကြီးတော့ ကျွဲလှည်းနဲ့ရှောင်တာ။ အဲ့ဒီမှာ သူတစ်ယောက်ထဲ ရေထဲပါသွားတာ။ ရွှေတွေလည်း အထုပ်လိုက်ပါသွားတာ။ နောက်တစ်ယောက်က အမျိုးသား အသက် ၃၀ လောက်ရှိတယ်။ သူလည်းရေထဲပါသွားတယ်။ ကျွန်တော်တို့က အိမ်ထောင်စုပေါင်း ၁၃၀၊ လူဦးရေ ၅၀၀ ကျော်ရှိတယ်” လို့ MT News ကိုပြောပါတယ်။

မုန်တိုင်းဒဏ်ကြောင့် နိုင်ငံတစ်ဝန်း ရေကြီးရေလျှံဖြစ်ပွားနေတဲ့ မြို့နယ်ပေါင်း ၃၄ မြို့နယ်မှာ ရေဝင်ရောက်မှုကြောင့် ပြောင်းရွှေ့ခဲ့ရတဲ့ အိမ်ထောင်စု ၅၉၄၁၃ စု၊ လူဦးရေ ၂၃၆၆၄၉ ဦးရှိပြီး ကူညီကယ်ဆယ်ရေးစခန်း ၁၈၇ ခု ဖွင့်လှစ်ပေးထားသလို နေပြည်တော်အပါအဝင် နိုင်ငံတစ်ဝန်းလုံး ရေကြီးနစ်မြှုပ်မှုကြောင့် အသက်ဆုံးရှုံးရသူ ၃၃ ဦး ရှိခဲ့တယ်လို့ SAC ရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *