September 18, 2024

ဆွေးနွေးမှုများ မပြုလုပ်ပါက တောင်းဆိုချက်များအတွက် အပေးအယူမလုပ်နိုင်ဟု ဆန္ဒပြဆရာဝန်များ ပြောကြား

၁၄. ၉. ၂၀၂၄
Translated by Htwe Ko Tun

အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် မာမာတာ ဘာနာဂျီက ဩဂုတ်လ ၉ ရက်မှာ မတရားပြုကျင့်အသတ်ခံခဲ့ရတဲ့  RG Kar ဆေးကောလိပ်ဆေးရုံမှ အလုပ်သင်အမျိုးသမီး ဆရာဝန်အတွက် ကိုလ်ကတ္တားမြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ ရုံးအပြင်ဘက်မှာ ဆန္ဒပြနေကြတဲ့ အငယ်တန်း ဆရာဝန်တွေထံ စက်တင်ဘာ ၁၄ ရက် နံနက်က မမျှော်လင့်ဘဲ ရုတ်တရက်ရောက်ရှိလာခဲ့ပါတယ်။

ပြည်နယ် ဝန်ကြီးချုပ်က ဒီနောက်မှာတော့ ဆန္ဒပြနေတဲ့ ဆရာဝန်တွေအားလုံးကို အလုပ်ခွင်ပြန်ဝင်ကြဖို့ တိုက်တွန်းခဲ့ပြီး သူ့အနေနဲ့လည်း ဒါဆိုရင် ဆန္ဒပြသူတွေအပေါ် တစ်စုံတစ်ရာအရေးယူမှုမပြုပါဘူးလို့ ပြောခဲ့ပါတယ်။

ဒါပေမယ့် ဆန္ဒပြဆရာဝန်တွေကလည်း ဆွေးနွေးမှုတွေမပြုလုပ်ပါဘဲနဲ့ သူတို့ရဲ့တောင်းဆိုချက်တွေအတွက် သူတို့အနေနဲ့ အပေးအယူလုပ်မှာမဟုတ်ဘူးလို့ ပြန်လည်ပြောကြားခဲ့ကြပါတယ်။

ပြည်နယ်ဝန်ကြီးချုပ် ဘာနာဂျီ က “ကျွန်မမှာလည်း ရှင်တို့ မိုးရွာထဲ လမ်းပေါ်မှာဆန္ဒပြနေကြကတည်းက အိပ်မပျော်ရတဲ့ ညတွေများပါပြီ။ ရှင်တို့ရဲ့တောင်းဆိုချက်တွေအတွက် ကျွန်မ သေသေချာချာလေ့လာမှု ပြုသွားမယ်ဆိုတာ အာမခံပါတယ်။ အပြစ်ရှိတဲ့လူကိုတွေ့ရင်လည်းအရေးယူပါ့မယ်။ ကျွန်မ အခု ဒီကိုလာတာလည်း ရှင်တို့ရဲ့ အစ်မကြီးတစ်ဦးအနေနဲ့ပါ။  ပြည်နယ်ဝန်ကြီးချုပ်အနေနဲ့မဟုတ်ပါဘူး”လို့ ဆန္ဒပြဆရာဝန်တွေကို ပြောခဲ့ပါတယ်။

ဘာနာဂျီက ဆက်ပြီးတော့”ရှင်တို့ဆန္ဒပြမှုရည်ရွယ်ချက်ကိုလည်း ကျွန်မနားလည်ပါတယ်။ ကျွန်မကလည်း ကျောင်းသားခေါင်းဆောင်တစ်ယောက် လုပ်ခဲ့သူပါ။ ဒီတော့ ရှင်တို့အတွက် တရားမျှတမှုကို ကျွန်မ ဆောင်ရွက်ပေးမယ်။ အကြီးတန်းဆရာဝန်ကြီးတွေအနေနဲ့ ရှင်တို့အကူအညီမပါဘဲ အလုပ်ဆောင်ရွက်နိုင်ကြဖို့ မဖြစ်နိုင်ပါဘူး။ ဒီတော့ ရှင်တို့ကို လုပ်ငန်းခွင်ပြန်ဝင်ကြပါလို့ ကျွန်မတိုက်တွန်းပါတယ်။ ရှင်တို့အပေါ် လုံးဝအရေးယူဆန့်ကျင်မှုမရှိစေရဖို့ ကျွန်မအာမခံပါတယ်”လို့ ထပ်မံပြောကြားခဲ့ပါတယ်။

ဆရာဝန်တွေက ပြည်နယ်ကျန်းမာရေးဝန်ကြီးဌာနရုံး အပြင်ဘက်မှာ ခုလိုဆန္ဒပြလာကြတာ စက်တင်ဘာလ ၁၄ ရက်ဆို ငါးရက်ရှိပါပြီ။ သူတို့က လုပ်ဖော်ကိုင်ဘက် အမျိုးသမီးအလုပ်သင်ဆရာဝန်မလေး မတရားပြု အသတ်ခံခဲ့ရမှုမှာ တရားမျှတမှုရဖို့ တောင်းဆိုနေကြတာပါ။ ဒီအတွက် သူတို့က စက်တင်ဘာလ ၁၀ ရက် ညနေ ၅ နာရီ နောက်ဆုံးထားပြီးအလုပ်ပြန်ဝင်ကြဖို့ တရားရုံးချုပ်ရဲ့အမိန့်ကိုတောင် အာခံပြီး ဆက်လက်ဆန္ဒပြနေကြတာပါ။

ဩဂုတ်လ ၉ ရက် ညနေပိုင်းကစလို့ ဆန္ဒပြမှုကိုစတင်ခဲ့ကြတဲ့ အငယ်တန်းအလုပ်သင်ဆရာဝန်တွေက ကိုလ်ကတ္တားရဲမင်းကြီး ဗီနစ် ဂိုရယ်လ်၊ ပြည်နယ်ကျန်းမာရေးဝန်ကြီး အန်အက်စ် နီဂမ်နဲ့ ဆေးဘက်ဆိုင် ရာပညာပေးရေးဌာန ညွှန်ကြားရေးမှူးတို့ကို RG Kar ဆေးရုံမှ ဆရာဝန်မလေး မတရားပြုကျင့် အသတ်ခံခဲ့ရမှုမှာဆက်စပ်စဉ်းစားရင် သူတို့ရဲ့တာဝန်တွေကို ပျက်ကွက်ခဲ့ကြလို့ အလုပ်မှရပ်ဆိုင်းဖို့ တောင်းဆိုထားကြပါတယ်။

ဒါ့ပြင် သူတို့က ပြည်နယ်အတွင်း အမျိုးသမီးကျန်းမာရေးဝန်ထမ်းတွေအားလုံးအတွက် လုံခြုံစိတ်ချရမှုနဲ့ လုံခြုံမှုဆောင်ရွက်ချက်တွေ ပြည့်စုံစွာဆောင်ရွက်ပေးဖို့လည်း တောင်းဆိုလျက်ရှိကြပါတယ်။

Ref- Hindustan Times

Leave a Reply

Your email address will not be published. Required fields are marked *