September 18, 2024

၁၄.၉.၂၀၂၄
Written By Thandar

Forever Group (MRTV-4) နဲ့ မယ်ချိုအဖွဲ့သားတွေက ရေဘေးသင့်ဒေသတွေအတွက် ကျပ် ၁၂၈ သိန်းကျော်တန်ဖိုးရှိ အဝတ်အထည်နဲ့ အစားအသောက်တွေကို ယနေ့ စက်တင်ဘာ ၁၄ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ တောင်ဒဂုံမြို့နယ်ရှိ ခိုင်နှင်းဝေ ရင်သွေးလေးများဂေဟာမှာ ပေးအပ်လှူဒါန်းခဲ့ပါတယ်။

“ဝိုင်းတို့ရဲ့ မယ်ချိုကားလေးကို အစကတည်းက တော်တော်များများက အားပေးကြတယ်။ တစ်ယောက်ချင်းဆီက ဇာတ်ကောင်တွေကို ပရိသတ်က အားပေးခဲ့ကြတာပါ။ ပရိသတ်တွေကလည်း FAN MEET လုပ်ဖို့တောင်းဆိုကြလို့ လုပ်ပေးဖို့ရည်ရွယ်ထားခဲ့တာပါ။ ဖြစ်ပေါ်လာတဲ့ ရာသီဥတုဘေးအခြေအနေကြောင့်မို့ ဝိုင်းတို့ရဲ့ ပထမသတ်မှတ်ထားတဲ့ စက်တင်ဘာလ ၁၅ ရက်နေ့ပြုလုပ်မယ့် မယ်ချို FAN MEET ပွဲမလုပ်ဖြစ်တော့ဘဲ မခိုင်နှင်းဝေဆီမှာ ဝိုင်းတို့ လာလှူဖြစ်တာပါ။ ဝိုင်းတို့ မယ်ချိုကို တအားကို အားပေးခဲ့ကြတဲ့ ပရိသတ်တွေကို အပြင်မှာ မြင်ဖူးချင်ကြတာလေ။ တစ်ယောက်ချင်းဆီတွေ့ချင်ခဲ့ကြတာပါ။ သူတို့ဘက်က အားခဲထားကြတာလေ။ ကားလက်မှတ်ကြိုဖြတ်ထားကြလည်း တွေ့ရတယ်။ ဝိုင်းတို့ဘက် FAN MEET မလုပ်ဖြစ်တော့ အစပိုင်းစိတ်မကောင်းဖြစ်ကြတယ်။ ဘာလို့မလုပ်တာလဲဆိုပြီးတော့လေ။ ရေဘေးအတွက် ပရဟိတအသင်းတွေလှူဖို့ရှိတယ်ပြောလိုက်တော့ တော်တော်ပီတိဖြစ်သွားကြတယ်။ ဝိုင်းတို့ကို နောက်ပိုင်း ဘယ်အချိန် တွေ့တွေ့ရတာမို့လေ။ နားလည်ပေးကြပါတယ်” လို့ သရုပ်ဆောင် ဝိုင်းရွှေရည်ကပြောပါတယ်။

အဆိုပါ မယ်ချို အဖွဲသားတွေဖြစ်ကြတဲ့ ဝိုင်းရွှေရည်၊ မာန်ဟိန်း၊ ကောင်းထက်သာ၊ ပြုံးဟန်သာကို၊ တေဇာကျော်၊ ထူးဝဏ္ဏရှိန်၊ စိုင်းဇေယျ၊ ဇင်မင်းစိုး၊ နှင်းနန္ဒာမောင်၊ ဥသြသံသာ၊ မေသင်းကို၊ မှူးသခင်ကို၊ သွန်းသစ္စာဇော်၊ စောမင်းယျာ၊ ဥဩသံသာ စတဲ့သူတွေ ကိုယ်တိုင် မခိုင်နှင်းဝေဆီမှာ အလှူငွေ ကျပ် ၁၂၈၅၀၀၀ နဲ့ အဝတ်အထည်၊ အစားအသောက်တွေကို လာရောက်လှူဒါန်းကြတာဖြစ်ပါတယ်။

လက်ရှိအကူအညီလိုအပ်နေတဲ့ ရေဘေးသင့်ဒေသတွေအတွက် အနုပညာရှင်တွေအနေနဲ့လည်း အနီးပတ်ဝန်းကျင် နေရာတွေကို သွားရောက် လှူဒါန်းကြတဲ့သူတွေဆီ တစ်ပိုင်တစ်နိုင် ပါဝင်လှူဒါန်းနေတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *