September 18, 2024

၁၄.၉. ၂၀၂၄
Written by Shwe Phyo

မလေးရှားရဲတပ်ဖွဲ့သည် ဘန်တွန်ပြည်နယ်ရှိ စက်ရုံတွင် မြန်မာအလုပ်သမားတစ်ဦး ဓားဖြင့်ထိုး အသတ်ခံရမှုနှင့်ပတ်သက်ပြီး ပါဝင် ဆက်နွှယ်နေသူ ၇ ဦးကို ဖမ်းဆီးလိုက်ကြောင်း သိရသည်။

ပါဟန်မြို့ရဲတပ်ဖွဲ့ အကြီးအကဲ ဒါတွတ် ဆာရီ ယာဟာယာ အော့မန်က ဖမ်းဆီးခံထားရသူ အားလုံးသည် အသက် ၂၇ နှစ်နှင့် ၃၉ နှစ်အရွယ်ကြားရှိနေပြီး ကားဖြင့်ထွက်ပြေးရန် ကြိုးပမ်းချိန်အတွင်း ဖမ်းဆီးမိခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

မလေးရှားနိုင်ငံ ဘန်တွန်ပြည်နယ်ရှိ စက်ရုံ၏ ဒုတိယအထပ်တွင် အလုပ်သမားတစ်ဦး ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေသည် ဆိုသောသတင်းကို လက်ခံရရှိခဲ့ပြီးနောက် စက်တင်ဘာ ၁၃ ရက် ည ၁၁ နာရီတွင် သွားရောက်စစ်ဆေးခဲ့ရာ မြန်မာနိုင်ငံသားတစ်ဦးကို ဓားဒဏ်ရာများဖြင့် သေဆုံးလျက်သား တွေ့ရှိခဲ့သည်ဟု မလေးရှားရဲတပ်ဖွဲ့က ပြောသည်။

ပါဟန်မြို့ရဲတပ်ဖွဲ့က အကြီးအကဲ ဒါတွတ် ဆာရီ ယာဟာယာ အော့မန်က “သတင်းအချက်အလက်တွေကို လက်ခံရရှိခဲ့ပြီးနောက် ကျွန်တော်တို့ဟာ မြန်မာနိုင်ငံသားတစ်ဦးအသတ်ခံရမှုမှာ ပါဝင်သူအဖြစ် သံသယရှိခံရသူ ဒေသခံတစ်ဦးနဲ့ အခြားနိုင်ငံခြားသား ခြောက်ဦးကို ဖမ်းဆီးရမိခဲ့တယ်။ အဲဒီသူတွေအားလုံးကို ဖမ်းဆီးစစ်ဆေးဖို့ ချုပ်ရက်ရမန်ယူထားတယ်” ဟု ပြောသည်။

မလေးရှားရဲတပ်ဖွဲ့သည် ဖမ်းဆီးခံထားရသူများနှင့် အသက်သေဆုံးခဲ့သော မြန်မာနိုင်ငံသားတို့ အလုပ်အတူတူလုပ်ဆောင်ခြင်းမျိုး ရှိမရှိကို စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။ ရဲတပ်ဖွဲ့သည် လက်ရှိအချိန်တွင် သေဆုံးသွားသော မြန်မာနိုင်ငံသား၏ရုပ်အလောင်းကို HTAA ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

REF , Benerma

Leave a Reply

Your email address will not be published. Required fields are marked *