September 18, 2024

၁၄. ၉. ၂၀၂၄
Translated by Htwe Ko Tun

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ ဗြိတိန်ဝန်ကြီးချုပ် ကီယားစတားမာတို့ စက်တင်ဘာလ ၁၃ ရက်က အမေရိကန်သမ္မတအိမ်ဖြူတော်မှာ တွေ့ဆုံခဲ့ကြရာမှာတော့ ယူကရိန်းစစ်ပွဲ၊ အရှေ့အလယ်ပိုင်းအရေးနဲ့ အင်ဒို-ပစိဖိတ်ဒေသအရေးတို့ကို အဓိကထားပြီး ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြတယ်လို့ ကီယား စတားမာက ဆွေးနွေးပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။

သူတို့နှစ်ဦးရဲ့ဆွေးနွေးပွဲမှာ အများက စိတ်ဝင်တစားစောင့်ကြည့်နေကြတဲ့ အမေရိကန်နဲ့ယူနိုက်တစ်ကင်းဒမ်းတို့ဟာ ယူကရိန်းအစိုးရကို ရုရှားနိုင်ငံအတွင်းပိုင်းဒေသတွေကို တိုက်ခိုက်ဖို့ တာဝေးပစ်လက်နက်တွေ အသုံးပြုခွင့်ပေးမလားဆိုတဲ့အချက်နဲ့ပတ်သက်လို့တော့ နှစ်ဦးစလုံးက တစ်စုံတစ်ရာ ပြောကြားမှုတွေ မပြုခဲ့ကြပါဘူး။

အစည်းအဝေးမတိုင်မီရက်တွေမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က အမေရိကန်နဲ့ ယူနိုက်တစ်ကင်းဒမ်းတို့က ယူကရိန်းကို သူတို့ထောက်ပံ့ထားတဲ့ စစ်ရေးအထောက်အပံ့တွေထဲက တာဝေးပစ်လက်နက်တွေကို အသုံးပြုခွင့်ပေးဖွယ်ရှိတယ်လို့ ပြောခဲ့ပါတယ်။ ဒီနောက်မှာ ရုရှားသမ္မတပူတင်ကလည်း နေတိုးအနေနဲ့ ခုလိုစစ်ပွဲမှာ တိုက်ရိုက်ပတ်သက်လာနေတာက ရုရှားနဲ့ နေတိုးအုပ်စု ထိပ်တိုက်ရင်ဆိုင် စစ်ဖြစ်ရလိမ့်မယ်လို့ ပြန်လည်သတိပေးခဲ့ပါတယ်။

ယူကရိန်းသမ္မတ ဇယ်လန်စကီးကတော့ သူ့ကိုလက်နက်ထောက်ပံ့နေတဲ့ အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုနိုင်ငံတွေကို ထောက်ပံ့မှုတွေထဲက အမေရိကန်ရဲ့ ATACMS နဲ့ ယူကေရဲ့ Storm Shadow တာဝေးပစ်ဒုံးပျံတွေကို ရုရှားနိုင်ငံအတွင်းက ပစ်မှတ်တွေဆီ တိုက်ခိုက်ခွင့်ပေးဖို့ တောင်းဆိုနေတာ နှစ်နဲ့ချီလို့ကြာခဲ့ပါပြီ။

အိမ်ဖြူတော်ထုတ်ပြန်ချက်တစ်ရပ်မှာတော့ ဂျိုးဘိုင်ဒန် နဲ့ ကီယားစတားမာ တို့ဟာ ရုရှားသို့ အီရန်နဲ့ မြောက်ကိုရီးယားတို့က လူအများအပြားသေစေနိုင်တဲ့ လက်နက်တွေ ထောက်ပံ့ပေးမှု အပြင် တရုတ်ကလည်း ရုရှားရဲ့ ကာကွယ်ရေးစက်ရုံစခန်းအတွက် ကူညီပေးနေတာတွေကို အထူးစိုးရိမ်နေကြတယ်လို့ ဖော်ပြခဲ့ပါတယ်။

Ref- BBC

Leave a Reply

Your email address will not be published. Required fields are marked *