၂၈. ၁၂. ၂၀၂၂
Written by Ye Kyaw
ပြည်တွင်းစားသုံးဆီ ဖူလုံစေရေးအတွက် ဆောင်ရွက်လျက်ရှိသည့် သမဝါယမအသင်းများ ပိုင်ဆိုင်သောဆီစက်များ တည်ထောင်ပြီးစီးပါက တစ်ရက်လျှင် စားဆီပိဿာချိန် ၆၀၀၀ ခန့်အထိ ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း သမဝါယမနှင့် ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးက ပြောသည်။
ပြည်တွင်းစားသုံးဆီ ဖူလုံစေရေးအတွက် နိုင်ငံတော်မှ မူဝါဒများ ချမှတ်ဆောင်ရွက်နေပြီး သမဝါယမအသင်းများ ပိုင်ဆိုင်သောဆီစက်များ တည်ထောင်ပြီးစီးပါက ဆီစက် ၁၅ လုံးအထိ ရှိလာမည်ဖြစ်သည်။
“ဆီစက်တစ်လုံးမှာ တစ်ရက် ပျမ်းမျှ ဆီပိဿာချိန် ၄၀၀ ခန့် ကြိတ်ခွဲထုတ်လုပ်နိုင်တဲ့အတွက် သမဝါယမအသင်းပိုင် ဆီစက်များမှ တစ်ရက်ကို စားဆီပိဿာချိန် ၆၀၀၀ ခန့် ထုတ်လုပ်နိုင်မယ်” ဟု ဒုတိယဝန်ကြီး ဦးမြင့်စိုးက ပြောသည်။
ထို့ကြောင့် နိုင်ငံတော်၏ ပြည်တွင်းစားသုံးဆီလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည့်အပြင် ပြည်ပမှ တင်သွင်းနေရမှုကို လျှော့ချနိုင်မည်ဖြစ်သဖြင့် နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်း သိရသည်။
ပြည်တွင်း စားသုံးဆီလိုအပ်ချက်အနေဖြင့် တစ်နှစ်လျှင် ပျမ်းမျှတန်ချိန် တစ်သန်းခန့် လိုအပ်ချက်ရှိပြီး ပြည်တွင်း ထုတ်လုပ်မှုမှ လုံလောက်အောင်ဖြည့်ဆည်းပေးနိုင်ခြင်း မရှိသေးသည့်အတွက် ပြည်ပမှ မှာယူတင်သွင်းနေရဆဲဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ပြောကြားထားသည်။