September 18, 2024

၁၄. ၉. ၂၀၂၄
Written by Nay Moe

ပြီးခဲ့သည့် စက်တင်ဘာ ၉ ရက်နေ့မှစ၍ ကယားပြည်နယ်အတွင်း ရက်သတ္တပတ်ခန့် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံခြင်းနှင့် မြေပြိုခြင်းများ နေရာဒေသအနှံ့ ဆက်တိုက်ဖြစ်ပေါ်နေပြီး လူ ၃ ဦးသေဆုံးကာ လူသုံးသောင်းခန့်အကူအညီလိုအပ်နေသည်ဟု IEC က ယနေ့ထုတ်ပြန်သည်။

ရေကြီးရေလျှံမှုများကြောင့် ဖယ်ခုံမြို့နယ်တွင် စစ်ရှောင်စခန်း (၃) ခု၊ လူဦးရေ (၂,၆၀၀) ကျော် ရေဘေးသင့်ကြုံတွေ့ရသည့်အပြင် တိကျိတ်ကျေးရွာအတွင်း တောင်ကျရေစီးဆင်းမှုကြောင့် မြေပြို၍ လူ (၃) ဦး သေဆုံးခဲ့ကာ နေအိမ် (၂၅) လုံးခန့် ပျက်စီးခဲ့ရသည်။

ထို့အတူ လွိုင်ကော်မြို့နယ်အတွင်းရှိ ကျေးရွာ (၃) ရွာနှင့် စစ်ရှောင်စခန်း (၁) ခုတွင် လူဦးရေ (၅,၀၀၀) ခန့်ရေလွှမ်းမိုးမှုခံနေရပြီး လယ်ယာစပါးဧက (၃,၀၀၀) ကျော် ရေလွှမ်းမိုးပျက်စီးဆုံးရှုံးကာ ဒီးမော့ဆိုမြိုနယ်တွင်လည်း ရေဘေးသင့်ကျေးရွာနေ ပြည်သူများအပါအဝင် စစ်ရှောင်ပြည်သူများ လူဦးရေစုစုပေါင်း (၁၀,၀၀၀) ဦးခန့်ရှိပြီး ရေကြီးရေလျှံမှုကြောင့် စစ်ရှောင်စခန်း (၇) ခု ရေလွမ်းမိုးမှုခံရ၍ အရေးပေါ်ရွှေ့ပြောင်း ယာယီနေရာ ချထားရကာ ရေလွှမ်းမိုးမှုနှင့်တောင်ပြိုမှုကြောင့် စပါးစိုက်ခင်းဧက (၁,၀၀၀) ရေလွှမ်းမိုးမှု ပျက်စီးဆုံးရှုံးမှုအပြင် အခြားသော ကောက်ပဲသီးနှံနှင့် နှမ်းစိုက်ပျိုးမှု ပျက်စီးဆုံးရှုံးမှုများကြုံတွေ့ နေရသည်။

ထို့အတူ ဖရူဆိုမြို့နယ် တစ်ပတ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကျေးရွာတစ်ရွာတွင် မြေပြိုမှုဖြစ်ပွား၍ ကျေးရွာခန်းမဆောင် (၁) လုံး၊ စပါးကျီ (၁) လုံးပျက်စီးပြီးကျေးရွာအတွင်း မြေအက်ကြောင်းများဖြစ်၍ အိမ်ခြေ (၃၀) လုံး၊ လူဦးရေ (၂၀၀) ဦးခန့် အရေးပေါ်ရွေ့ပြောင်းနေရာချထားဆဲဖြစ်သလို ရေကြီးမြေပြိုမှုများကြောင့် လမ်းနှင့်တံတား ပြိုကျပျက်စီးခြင်းဖြစ်ပေါ်၍ ဒေသခံပြည်သူများနှင့် စစ်ရှောင်လူထု (၁၀,၀၀၀)ဝန်းကျင် ရေဘေးသင့်ကြုံတွေ့ရပြီး သွားလာရေးအတွက် အခက်အခဲများဖြစ်ပေါ်လျက်ရှိသည်။

ယင်းအပြင် ရှားတောမြို့နယ် အတွင်း၌လည်း ပွန်ချောင်းရေကြီးရေ မြင့်တက်မှုကြောင့် စူးဖဲလော့ကျေးရွာ၊ နော်ပလုကျေးရွာ၊ ပွန်ချောင်းကျေးရွာနှင့် စစ်ရှောင်စခန်းတစ်ခုတို့ကို ရေလွှမ်းမိုးခဲ့သည့်အတွက် လူဦးရေ (၁,၃၃၅) ဦးခန့်ရေဘေးသင့်ခံရလျက်ရှိပြီး နေအိမ်နစ်မြုပ်ပျက်စီးမှုအပြင် အခြားပိုင်ဆိုင်မှုများဆုံးရှုံးများ ရှိနေသည်။ ထို့အပြင် ရေနစ်မြုပ်မှုကြောင့် အရေးပေါ်ရွေ့ပြောင်းခဲ့ရ၍ အစားအသောက်၊ အဝတ်အထည်များနှင့် ယာယီနေရာချထားရာတွင် အမိုးအကာမလုံလောက်သည့် အခက်အခဲများကြုံတွေ့နေကြရသည်။ ရေနစ်မြှုပ်မှုကြောင့် ရေချောင်းနံဘေးတွင် စိုက်ပျိုးထားသော သီးနှံများပါပျက်စီးဆုံးရှုံးမှု ကြုံတွေ့ရ၍ ယာယီရွေ့ပြောင်းနေထိုင်ရသူ လူဦးရေ စုစုပေါင်း (၂၈,၇၃၅) ဦးအတွက် အခြေခံစားနပ်ရိက္ခာများဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ပဲ စသည်များ အရေးပေါ်လိုအပ်လျက်ရှိသည်။ ထို့ပြင် အိမ်ထောင်စု (၅၇၄၇) စု၏ အရေးပေါ် တစ်ကိုယ်ရေ သန့်ရှင်းအရေးအတွက် ဆပ်ပြာ၊ သွားတိုက်ဆေး၊ သွားတိုက်တံ၊ အဝတ်အထည်၊ အမျိုးသမီးအသုံးအဆောင်များအပြင် သောက်ရေသန့်များ လိုအပ်လျက်ရှိသည့်အပြင် ယာယီရွှေ့ပြောင်းနေထိုင်အိမ်ထောင်စု (၅၇၄၇) စုအတွက်ပင် အရေးပေါ် တဲဆောက်နေထိုင်နိုင်ရန် မိုးကာ၊ ဝါး၊ သွပ်ကြိုး လိုအပ်လျက်ရှိသည်ဟု သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *