September 19, 2024

◾ ကော့စ်ဘဇာဒေသ ဟိုတယ်များတွင် ကမ္ဘာလှည့်ခရီးသွား ၂၅,၀၀၀ ခန့် သောင်တင်နေ

၁၄. ၉. ၂၀၂၄
Translated by Htwe Ko Tun

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇာမြို့တွင် စက်တင်ဘာလ ၁၂ ရက်၊ နံနက် ၉ နာရီခန့်ကစ၍ ရွာခဲ့ရာ မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် မိုးအလွန်သည်းထန်လာပြီး ၁၂ နာရီခန့် ဆက်တိုက်ရွာသွန်းခဲ့ပြီးနောက် ဘင်္ဂလားပင်လယ်အော်အတွင်းမှ မုန်တိုင်းကြောင့် မိုးက စက်တင်ဘာလ ၁၄ ရက် နံနက် ၁၂ နာရီခွဲအထိ မနားတမ်း ဆက်လက်ရွာသွန်းခဲ့သဖြင့် ကော့စ်ဘဇာမြို့၏ ၉၀ ရာခိုင်နှုန်းမှာ ရေနစ်မြုပ်ခဲ့ရပြီး မြေပြိုမှုများလည်းဖြစ်ပွားကာ ကော့စ်ဘဇာခရိုင်အတွင်း လူခြောက်ဦးသေဆုံးခဲ့ကြောင်း စက်တင် ဘာလ ၁၃ ရက်ကပြောကြားထားသည်။

ကော့စ်ဘဇာဒေသတွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ မြစ်ရေများလျှံကာ ရေလွှမ်းမိုးမှု ဖြစ်ပွားလျက်ရှိရာ စက်တင်ဘာလ ၁၃ ရက် မွန်းလွဲပိုင်းအထိ ဒေသအတွင်းရောက်ရှိနေသော ကမ္ဘာလှည့်ခရီးသွားများ အနည်းဆုံး ၂၅,၀၀၀ ခန့်မှာ ၎င်းတို့၏ဟိုတယ်အခန်းများအတွင်း၌သာ သောင်တင်နေကြရကြောင်း သိရသည်။

ကော့စ်ဘဇာမြို့၏ ပင်လယ်ကမ်းခြေသောင်ပြင်တွင်လည်း အလံနီများစိုက်ထူထားကာ ကမ္ဘာလှည့်ခရီးသွားများအား ပင်လယ်တွင်းသို့ ဆင်းသက်ရေကူးခြင်းမပြုကြရန် သတိပေးထားသဖြင့် ၎င်းတို့မှာ မည်သည့်နေရာမှ မသွားနိုင်ဖြစ်နေကြရသည်ဟု ဆိုသည်။ ကော့စ်ဘဇာမြို့အဖို့ ဤကဲ့သို့ ရေကြီးခြင်းများကို ယခင် နှစ် ၅၀ ကာလအတွင်းကလည်း ကြုံတွေ့ခဲ့ဖူးကြောင်း ကော့စ်ဘဇာမြို့၏ ဟိုတယ်နှင့်တည်းခိုခန်း များအသင်းဥက္ကဋ္ဌ အဘူလ် ကာရှမ်ဆစ်ခ်ဒါက ပြောခဲ့သည်။

တိုင်ဖွန်းရာဂီ၏ အကြွင်းအကျန် လေပွေလှိုင်းက ဘင်္ဂလားပင်လယ်အော်အတွင်းရောက်ရှိပြီးနောက် မုန်တိုင်းငယ်အဖြစ်ပြန်လည်အားကောင်းလာကာ စက်တင်ဘာလ ၁၃ ရက် ညနေပိုင်းက ဘင်္ဂလားဒေ့ရှ် ကမ်းရိုးတန်းကိုဖြတ်၍ကုန်းတွင်းဝင်ရောက်ခဲ့သည်။ ၎င်းက အနောက် မြောက်ဘက်သို့ဆက်လက်ရွေ့လျားကာ စက်တင်ဘာလ ၁၄ ရက် နံနက်ပိုင်းတွင် အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်ကို ဖြတ်သန်းမည်ဟု ခန့်မှန်းထားသည်။

Ref- Dhaka Tribune

Leave a Reply

Your email address will not be published. Required fields are marked *